ဖင်လန်နိုင်ငံက ရှားပါးတဲ့သဘာဝဖြစ်စဉ်အကြောင်း ဝေမျှထားတဲ့ ဓာတ်ပုံများ

instagram/marjaran, instagram/rismatti

အရာရာကို သိနားလည်နေပြီလို့ ယုံကြည်မှူရှိသူတိုင်းဟာ အခုတွေ့မြင်ရမယ့် ဖင်လန်နိုင်ငံကမ်းခြေတစ်ခုက ရေခဲဥကြီးတွေကို မြင်ရင် စိတ်ပြောင်းကောင်း ပြောင်းသွားမှာပါ။ ရာသီဥတုကို တွေ့ရတာနဲ့တင်ပဲ ပုံမှန်မဟုတ်ပဲ ထူးခြားနေတယ်ဆိုတာကို တွေ့မြင်နိုင်မှာပါ။ အခုဖော်ပြပေးမှာကတော့ brightside သတင်းဌာနကတဆင့် တွေ့ရှိရတဲ့ ဖင်လန်နိုင်ငံက ရေခဲဥကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ်။

လူတော်တော်များများက ဘောလုံးကြီးတွေနဲ့တူတဲ့ ဒီလိုရေခဲဥကြီးတွေကို တစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုပါတယ်။ ရေခဲလုံးကြီးတွေဟာ အရွယ်အစားအမျိုးမျိုးရှိပါတယ်။ ရီစတိုမက်တီလာဆိုသူ မျက်မြင်သက်သေတစ်ဦးကတော့ သူဟာ ပင်လယ်နားနေလာတာ (၂၅) နှစ်ကြာပြီဖြစ်ပေမယ့် ဒီလို ရေခဲလုံးမျိုးတစ်ခါမှတောင် မမြင်ဖူးကြောင်း ဆိုလိုက်ပါတယ်။

မသိရင် တခြားကမ္ဘာက ဂြိုလ်သားတွေ လာဖန်ဆင်းထားသလိုမျိုး ထင်ရပေမယ့် ကျွမ်းကျင်ပညာရှင်တွေကတော့ ဒါဟာ မှော်အတတ်နဲ့ လုပ်ထားတာ မဟုတ်သလို ဂြိုလ်သားတွေက ဖန်ဆင်းတာလည်း မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။ အခုလို ရေခဲတွေကို လုံးဝန်းတဲ့ ဥကြီးတွေသဏ္ဏာန်တွေ့မြင်ရဖို့ဟာ အကြောင်းတိုက်ဆိုင်မှ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရေထုအပူချိန်ဟာ ခဲမှတ်အနီးရောက်ဖို့ လိုသလို လေထုအပူချိန်ဟာလည်း သုညအောက် အနည်းငယ်သာ လျော့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေလည်းထန်ရမှာ ဖြစ်ပြီး ကမ်းခြေဟာ သဲဆန်ပြီး တိမ်ရမှာ ဖြစ်ပါတယ်။

များသောအားဖြင့် ဘောလုံးတွေဟာ တစ်ခုခုနားမှာ ဖွဲ့စည်းကြတာ ဖြစ်ပါတယ်။ ဥပမာ ရေခဲပြင်ချပ်၊ သဲကျောက်တုံး၊ အမှိုက်စ စတဲ့ နေရာတွေနားမှာ ဖွဲ့စည်းကြပါတယ်။ ၄င်းပစ္စည်းတွေရဲ့ နေရာဝန်းကျင်တစ်ဝိုက်မှာ ရေခဲတဲ့အခါ လေကြောင့် သူတို့ဟာ လုံးဝန်းတဲ့ အလုံးအဖုလေးတွေသဏ္ဏာန် ဖြစ်လာရပါတယ်။ သူတို့တွေဟာ ကုန်းပြင်ဘက်ကို တွန်းထိုးခံရတာနဲ့အမျှ တဖြည်းဖြည်းနဲ့ အရွယ်အစားတွေ ကြီးကြီးလာပါတယ်။

အခုလို ဘောလုံးသဏ္ဏာန် ဥသဏ္ဏာန် ရေခဲလုံးတွေအဖြစ် တွေ့ရဖို့ဟာ အထက်ပါအခြေအနေတွေ ပေါင်းစုံမှဖြစ်လာတာပါ။ တကယ်လို့ လေအရမ်းထန်နေတယ်ဆိုရင်လည်း ဘောလုံးလေးတွေ မဖြစ်ပေါ်နိုင်ပါဘူး။ လေမရှိဘူးဆိုရင်လည်း ကမ်းခြေမှာ ရေခဲတွေဟာ ခဲကုန်ပါလိမ့်မယ်။ သဘာဝတရားကြီးဟာ လူတွေကို အမြဲတမ်းအံ့သြအောင် လုပ်နိုင်တာဖြစ်ပြီး အောက်ဘက်မှာတော့ ထူးခြားတဲ့ ရေခဲဥဖြစ်စဉ်ဓာတ်ပုံတွေကို အခုလို တွေ့မြင်ရမှာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE