အားသွင်းကြိုးအတုနဲ့ ဖုန်းအားသွင်းခဲ့မိရာက၊ အိမ်သုံးလုံး မီးကူးစက်လောင်ကျွမ်းခဲ့ရတဲ့အဖြစ်

Weibo/Sinchew

မလေးရှားနိုင်ငံ၊ Ipoh မြို့၊ Taman Cempaka ရပ်ကွက်မှာ မီးမတော်တဆမှု လောင်ကျွမ်းခဲ့ရာ၊ နေအိမ်(၃)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုဟာ ဒီဇင်ဘာလ(၄)ရက်နေ့ ည(၈)နာရီဝန်းကျင်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ ဖုန်းအားသွင်းကြိုးအတုနဲ့ အားသွင်းရာမှာ အပူလွန်ကဲပြီး မီးလောင်ခဲ့တာလို့ တရုတ်သတင်းဌာန SMCP ရဲ့ ဖော်ပြချက် သိရပါတယ်။

သတင်းမှာ ဖော်ပြချက်အရ မီးလောင်ကျွမ်းမှုဟာ အလွန်လျှင်မြန်ခဲ့တာကြောင့် အခြားနှစ်အိမ်ကိုပါ မီးက လျှင်မြန်စွာ ကူးစက်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှု စတင်ဖြစ်ခဲ့တဲ့ အိမ်မှာ မိခင်နဲ့ သူမရဲ့ သက်ကြီးအရွယ် သားသမီးနှစ်ဦး နေထိုင်တယ်လို့ သိရပါတယ်။

Weibo/Sinchew
Weibo/Sinchew

အသက်(၅၀)အရွယ် သမီးဖြစ်သူက သူမရဲ့(၄၅)နှစ်အရွယ် မောင်ဖြစ်သူရဲ့ အခန်းထဲကနေ ပေါက်ကွဲသံကို အရင်ကြားလိုက်တာ ဖြစ်ကြောင်း၊ အဲဒီနောက် မောင်နှစ်မနှစ်ဦးစလုံး မသန်စွမ်းဖြစ်နေတဲ့ မိခင်ကြီးကို နေအိမ်အပြင်ဘက် ခက်ခက်ခဲခဲ တွဲထုတ်ခဲ့ကြပြီး၊ မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နောက်ဆုံး မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာချိန်မှာ မီးအားက အလွန်ကောင်းနေပြီဖြစ်ပြီး၊ ဘေးနှစ်အိမ်ကိုပါ မီးက စတင်ကူးစက်နေပါပြီ။ အဆုံးမှာတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ဟာ ပျက်စီးမှု (၈၅)%အထိ ရှိခဲ့ပြီး၊ အခြားနှစ်အိမ်ကတော့ (၅)%နဲ့ (၁၀)% အသီးသီးစီသာ မီးရဲ့သက်ရောက်မှုကို ခံခဲ့ရတာပါ။

Weibo/sinchew

ဒဏ်ရာရ လူသေစာရင်း မရှိခဲ့ပေမယ့် မီးကြောင့် ဆုံးရှုံးတဲ့ဆုံးရှုံးမှုက အတိုင်းအတာတစ်ခုအထိ တန်ဖိုးကြီးမားပါတယ်။ မီးကူးစက်လောင်ကျွမ်းခဲ့တဲ့ နှစ်အိမ်ကလည်း အားလုံးလူကုန် အပြင်ကို ညစာထွက်စားနေလို့ သူတို့ အိမ်ပြန်ရောက်မှာ ဒီအခင်းဖြစ်တာကို သိကြတာပါတဲ့။ လောလောဆယ်တော့ ဖုန်းအားသွင်းကြိုး အတုကြောင့် မီးလောင်တာဆိုပေမယ့် မီးသတ်တပ်ဖွဲ့ကတော့ တစ်ခြားစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

လင်းသုတ

SHARE