ဂရိနိုင်ငံမှာ တောမီးအကြီးအကျယ်လောင်နေ၊ ထိန်းချုပ်နိုင်ခြင်း မရှိသေးလို့ စိုးရိမ်မှုတွေ မြင့်တက်

(AP Photo/Petros Giannakouris)

ဂရိနိုင်ငံမှာ တောမီးအကြီးအကျယ် လောင်နေလို့ အန္တရာယ်ဇုံအတွင်း ကျရောက်နေတဲ့ရွာတွေကို အမြန်ဘေးလွတ်ရာ ရွှေ့ပြောင်းနေရပါတယ်။ လောလောဆယ် မီးသင့်ရောက်နေတဲ့ ဧရိယာအတွင်းမှာ မီးသတ်တပ်ဖွဲ့ဝင် (၂၆၀)ကျော်နဲ့ မီးသတ်လေယာဉ် အစီး(၂၀)တို့က မီးကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။

မီးကတော့ အရှိန်ကောင်းနေဆဲဖြစ်ပြီး၊ ဒေသခံတွေက မီးသတ်အင်အားတွေကို တဖြည်းဖြည်းချင်း မနိုင်မှ တိုးမြင့်စေလွှတ်နေမှုအပေါ် ဝေဖန်နေကြပါတယ်။ တကယ်က မီးသတ်အင်အား အလုံးအရင်းနဲ့ ဖိဖိစီးစီး မီးငြှိမ်းခဲ့မယ်ဆိုရင် ထိန်းချုပ်ရတာ မခက်လောက်ဘူးလို့ ယူဆနေကြတာပါ။

မီးလောင်တဲ့သစ်တောဧရိယာအနီးက ကမ်းခြေမှာ နွေရာသီ Camp လာနေကြတဲ့ နိုင်ငံခြားသား ခရီးသွားတွေ အမြောက်အများရှိနေပြီး၊ တစ်ချို့ဆို ဘေးလွတ်ရာကို အမြန်ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ မီးလောင်မှုဟာ ဂရိ ဗဟို-တောင်ပိုင်းမှာတည်ရှိတဲ့ Corinth မြို့အနီးမှာ ဖြစ်ပါတယ်။

Corinth မြို့တော်ဝန်ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက အရေးပေါ်သတိပေးချက် ထုတ်ပြန်ဖို့ တောင်းဆိုနေကြပါတယ်၊ မီးအရှိန်ကို Galataki ရွာကနေ ခံစားရတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။ Galataki ရွာကနေ မီးလောင်မှုကို အရှင်းသား လှမ်းမြင်နေရပြီး၊ ရွာသားတွေကတော့ ဘေးလွတ်ရာကို ရွှေ့ပြီးပါပြီ။

READ
လုပ်ငန်းရလဒ်မကောင်းလို့ မန်နေဂျာဆီက အရိုက်ခံခွင့်တောင်းခဲ့တဲ့ ဝန်ထမ်းများ

Athikia ရွာအနီးက ထင်းရှူးတောတွေကတော့ နေ့မြင်ညပျောက်ဆိုသလို မီးလောင်တဲ့အချိန် လေကလည်း သည်းထန်ခဲ့တာကြောင့် မီးကူးစက်လောင်းကျွမ်းမှုက မြန်ဆန်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ တောမီးကို အမြန်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြပါတယ်။

လင်းသူရိန်

SHARE