မိလ္လာပိုက်လိုင်းထဲ (၃)ရက်ကြာ ပိတ်မိနေတဲ့ခွေးလေးကို ခက်ခဲစွာ ကယ်ခဲ့တဲ့ မီးသတ်ရဲဘော်များ

Instagram/santabarbaracountyfire

အမေရိကန် ကယ်လီဖိုးနီးယားမှာ UC Santa Barbara အိမ်ယာအနီးက အကျယ်(၁၈)လက်မရှိတဲ့ မိလ္လာပိုက်လိုင်းကြီးတစ်ခုထဲမှာ ခွေးမလေးတစ်ကောင် (၃)ရက်ကြာ ပိတ်မိနေခဲ့ပါတယ်။ အဆိုပါ ခွေးမလေးနာမည်ကတော့ “Sophie”ဖြစ်ပါတယ်။

ခွေးမလေး Sophie ကို နောက်ဆုံး မြင်တွေ့လိုက်ရသူတွေက ပိုက်လိုင်းရဲ့ ယိုပေါက်တစ်ခုအနီးမှာ ရစ်သီရစ်သီလုပ်နေတာကို  ပြီးခဲ့တဲ့သုံးရက်လောက်က မြင်လိုက်ရတာလို့ ဆိုပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်တွေဟာ ခွေးမလေးကို ကယ်ဆယ်နိုင်ဖို့ ဘယ်နေရာလောက်မှာ ရှိမလဲ အရင်စုံစမ်းရပါတယ်။

ခွေးပိုင်ရှင်တွေကလည်း အလွန်စိတ်ပူနေခဲ့ပြီး၊ သူတို့အနေနဲ့ ရှာတာဖွေတာကို လက်လှမ်းမီသလောက် လုပ်ပြီးပါပြီ။ ဒါပေမယ့် အကြောင်းမထူးတော့ ဒေသခံမီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခံခဲ့ရပါတယ်။ နောက်ဆုံးတော့ မီးသတ်ရဲဘော်တွေဟာ ခွေးမလေး ရှိနေတဲ့နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။

သူတို့ဟာ ခွေးမလေးကို မိလ္လာပိုက်ရဲ့မျက်နှာပြင်ပေါ်ကို ရောက်အောင် ခွေးလေးဆီကို ပိုက်ရှည်တစ်လုံး မျှောချကာ မြှူစွယ်လာခဲ့ရပြီး၊ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပါတယ်။ ကူညီကယ်ဆယ်ပေးခဲ့တဲ့ မီးသတ်တပ်ဖွဲ့အမည်ကတော့ Santa Barbara County Fire Department ဖြစ်ပါတယ်။

သူတို့ဟာ ခွေးလေးကို ကယ်ဆယ်ဖို့အတွက် အချိန်မိနစ်(၂၀)လောက် သုံးခဲ့ရပြီး၊ ရှာဖွေရတဲ့အပိုင်းမှာတော့ အတော်လေး ကြာမြင့်ခဲ့ပါတယ်။ ခွေးလေးဟာ အညစ်အကြေးတွေနဲ့ ပေကျံနေသော်လည်း၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ တခြားစိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

Sophie ဟာ အသက်(၂)နှစ်သာရှိသေးပြီး မျိုးစပ်ခွေးတစ်ကောင်ဖြစ်ပါတယ်။ ဒီအကြောင်းကို Santa Barbara County Fire Department မီးသတ်တပ်ဖွဲ့ရဲ့ လူမှုကွန်ရက်မှာလည်း တင်ထားပြီး၊ ပရိသတ်တွေကတော့ မီးသတ်သမားတွေရဲ့ လုပ်ဆောင်မှုကို ချီးကျူးနေကြပါတယ်။ တစ်စုံတစ်ရာကို ကယ်ဆယ်ဖို့ အကြောင်းဖန်လာရင် လူလား တိရစ္ဆာန်လားဆိုတာထက် ၎င်းကို သက်ရှိထင်ရှား ကယ်တင်နိုင်ရေးသာ ပဓာနဖြစ်ပါတယ်။

လင်းသူရိန်

SHARE