ချစ်တင်းနှောခြင်းကနေ သွေးလွန်တုပ်ကွေးကူးစက်ခဲ့မှု ဥရောပမှာ ပထမဆုံးအတည်ပြုနိုင်ခဲ့

Unsplash/Ciero

ချစ်တင်းနှောခြင်းကြောင့် ကူးစက်တဲ့ရောဂါတွေကို STD လို့ ခေါ်ပါတယ်။ STD ရဲ့ အရှည်စာလုံးကတော့ Sexually Transmitted Diseases ဖြစ်ပြီး၊ ကူးစက်နိုင်တဲ့ရောဂါတွေထဲမှာ HIV, Chlamydia ရောဂါ၊ လိင်အင်္ဂါရေယုန်၊ ဂနိုနဲ့၊ ဆစ်ဖလစ်ကာလသားရောဂါ၊ Trichomoniasis လို့ခေါ်တဲ့ ရောဂါတွေဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီရောတွေဂါစာရင်းမှာ Dengue fever လို့ခေါ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုတောင် ထည့်သွင်းရမလို ဖြစ်လာခဲ့ပါပြီ။ Dengue fever ဟာ အများအားဖြင့်တော့ အပူပိုင်းနိုင်ငံတွေမှာ Dengue ဗိုင်းရပ်စ်သယ်ဆောင်လာတဲ့ ခြင်ကိုက်ခံရခြင်းကြောင့် အဓိက ကူးစက်တာပါ။

ဒါပေမယ့် ယမန်နှစ်က ယခင်တွေ့ရှိထားတဲ့ အတည်ပြုချက်ကိုတောင် ပြင်ရမလိုဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ Dengue fever ကို တစ်ချို့က Breakbone Fever လို့ ခေါ်ကြပါသတဲ့။ ဘာကြောင့်ဆို အရိုးတွေ ရိုက်ချိုးခံထားရသလို နာကျင်လို့ပါ။ အခုတော့ ဒီရောဂါဟာ လိင်ပိုင်းဆိုင်ရာ ချစ်တင်းနှောခြင်းကနေ ကူးစက်နိုင်ကြောင်းကို သက်ဆိုင်ရာက အတည်ပြုလိုက်ပြီဖြစ်ကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။ 

WHO.com

စပိန်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ အပူပိုင်းနိုင်ငံတွေ သွားရောက်ဖူးခြင်းမရှိဘဲ ဒီရောဂါ ကူးစက်ခံရတာပါ။ ဒါပေမယ့် သူ့ရဲ့ ဆက်ဆံဖော်လိင်တူအမျိုးဟာ ကျူးဘားနိုင်ငံကနေ ပြန်လာသူဖြစ်ပြီး၊ သူနဲ့အတူ Dengue fever က ပါလာခဲ့ပါတယ်။ မက်ဒရစ်မြို့မှ အများပြည်သူကျန်းမာရေးဆိုင်ရာဌာနမှ Susana Jimenez က ဒီကိစ္စနဲ့ပတ်သက်ပြီး-

“ သူ့ပါတနာကို စစ်ကြည့်တော့ ဒီရောဂါလက္ခဏာတွေ ရှိနေတာကို တွေ့ရတယ် … ဒါပေမယ့် အရမ်းကြီး မပြင်းထန်ပါဘူး … ဒီမတိုင်ခင် (၁၀)ရက်လောက်က အဲဒီလူက ကျူးဘားကနေ ပြန်လာတာ … ”လို့ ပြောပါတယ်။ သူတို့ရဲ့သုတ်ပိုးကို ဓာတ်ခွဲကြည့်တော့ ကျူးဘားမှာ တွေ့ရတတ်တဲ့ Dengue ဗိုင်းရပ်စ်အမျိုးအစားကို တွေ့ရကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

Unsplash/BSIP

European Centre for Disease Prevention and Control မှ တာဝန်ရှိသူတစ်ဦးက “ ဒီဖြစ်စဉ်ကတော့ ကျွန်တော်တို့ သိရတဲ့အထဲမှာ ချစ်တင်းနှောခြင်းကြောင့် ပထမဆုံး သွေးလွန်တုပ်ကွေးကူးစက်တဲ့ ဖြစ်စဉ်ပါဘဲ … နောက် အမျိုးသားချင်း လိင်တူဆက်ဆံမှုကနေ ကူးစက်တဲ့ သွေးလွန်တုပ်ကွေးဖြစ်စဉ်ထဲမှာ ဒါက ပထမဆုံးပါဘဲ ”လို့ အတည်ပြုခဲ့ပါတယ်။

သို့ပေမယ့် ဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ်အစောပိုင်းလောက်က ထိုင်းနိုင်ငံက အလည်အပတ်ပြန်လာတဲ့ အသက်(၅၀)ဝန်းကျင် အမျိုးသားကနေ သူရဲ့ဆက်ဆံဖော် အမျိုးသမီးကို သွေးလွန်တုပ်ကွေး ကူးစက်ခဲ့ကြောင်း သတင်းတွေအရ သိရပြီး၊ တစ်သီးတစ်ခြား မှတ်တမ်းတင်ထားတာမျိုး မရှိခဲ့ပါဘူး။ နောက်ပြီး တောင်ကိုရီးယားမှာလည်း အမျိုးသမီးကနေ အမျိုးသားဆီ သွေးလွန်တုပ်ကွေး ကူးစက်ခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

WHO.com

ခေတ်ပေါ်ဆေးပညာတွေ မြင့်မားလာသည်နှင့်အမျှ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးနိုင်ခြေ အတော်လေး နည်းလာပါတယ်။ သို့သော်လည်း ဦးနှောက်အမြှေးရောင် သွေးလွန်တုပ်ကွေးရောဂါ (Dengue hemorrhagic fever)က အန္တရာယ်ပိုများပြီး၊ အသက်ကြီးတဲ့လူတွေကို အများဆုံးဒုက္ခပေးနိုင်တယ်လို့ သိရပါတယ်။

လင်းသုတ

SHARE