တံငါသည်ဘ၀ကနေ မော်ဒယ်လ်တွေအဖြစ် အသွင်ပြောင်းခဲ့ကြတဲ့ ဂျပန်အမျိုးသားများ

twitter/aomorinoono

ဂျပန်နိုင်ငံမှာ ထူးထူးဆန်းဆန်းအရာတွေ အများကြီးရှိနေပါတယ်။ အခုလည်း အသစ်ထွက်လာတဲ့သတင်းတစ်ခုက အင်္ကျီဗလာနဲ့ ဂျပန်တံငါသည်တွေအကြောင်းပါ။ asiaone သတင်းအရ သိရတာက ၄င်းတံငါသည်တွေဟာ တံငါသည်ကတ်တွေအတွက် မော်ဒယ်လ်လုပ်ပေးနေတာလို့ ဆိုပါတယ်။

မိုင်းအိနီချီရှင်းဘွန်းသတင်းစာအရ အာအိုမိုရီဒေသမှာရှိတဲ့ ငါးဖမ်းသမားတွေဟာ ဒေသတွင်းက ရေထွက်ကုန်ပစ္စည်းတွေအပေါ်မှာ လူတွေရဲ့စိတ်ဝင်စားမှုရရှိဖို့နဲ့ ငါးဖမ်းလုပ်ငန်းကို တွင်ကျယ်စေဖို့ အခုလို တံငါသည်ကတ်လေးတွေကို ဖန်တီးခဲ့တယ်ဆိုပါတယ်။

twitter/aomorinoono

တံငါသည်ကတ်တွေထဲမှာတော့ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားတဲ့ တံငါသည်တွေရဲ့ဓာတ်ပုံတွေ ပါဝင်ပါတယ်။ ကတ်အောက်ပိုင်းမှာတော့ ၄င်းတို့ရဲ့နာမည်နဲ့ ဘယ်မှာအလုပ်လုပ်နေတယ်ဆိုတာကို ဖော်ပြထားပါတယ်။ ပြီးတော့လည်း အားလုံးကို ကြယ်ငါးပွင့် rating ပေးထားပါသေးတယ်။

တံငါသည်တော်တော်များများကတော့ သူတို့ရဲ့ လုပ်ငန်းသဘာဝကြောင့် ကြွက်သားအဖုအထစ်တွေနဲ့ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိကြပါတယ်။ တစ်ချို့ ကြွက်သားသိပ်မရှိပဲ လူကောင်သေးသေး တံငါသည်တွေကတော့ အနည်းစုရှိနေပါတယ်။ တစ်ချို့ကလည်း ငါးမျှားတဲ့ ကိရိယာတွေကိုင်လို့၊ တစ်ချို့ကျတော့လည်း သူတို့ဖမ်းမိလာတဲ့ ငါးကြီးတွေကိုကိုင်လို့ စသဖြင့် ကတ်ထဲမှာ အမျိုးမျိုးပို့စ်ပေးထားပါတယ်။

လတ်တလော Covid-19 သတင်းနဲ့ပတ်သက်လို့ ကမ္ဘာ့သတင်းတွေမှာ ပွက်လောရိုက်နေတဲ့အထဲ အခုသတင်းကလည်း ဂျပန်ဒေသခံတွေကြားမှာ ထိပ်တန်းသတင်းဖြစ်လို့နေပါတယ်။ တွစ်တာအသုံးပြုသူ ချူမီအမည်ရတဲ့ အမျိုးသမီးတစ်ဦးကတော့ သူမတောင်မှ စတိုးဆိုင်တစ်ဆိုင်ကနေ ၄င်းတံငါသည်ကတ်ကို သွားတောင်းခဲ့ရာမှာ ရှက်နေသေးကြောင်း ပြောပြခဲ့ပါတယ်။

READ
ဆဲလ်ဖီဆရာကြီးတွေရဲ့ ထူးထူးခြားခြားပုံကောင်းလေးများ

သိရတာက ဒီတံငါသည်ကတ်တွေဟာ ရောင်းချဖို့အတွက် မဟုတ်ပါဘူး။ အာအိုမိုရီမှာရှိတဲ့ ရေထွက်ကုန်ပစ္စည်းတွေကို အထူးဒစ်စကောင့်နဲ့ ရောင်းချမယ့် ဈေးရောင်းပွဲတွေအတွက်သာ ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ အစပိုင်း တံငါသည်တွေရဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကို ပိုစတာလုပ်ဖို့ရှိပေမယ့် နောက်ပိုင်းမှာတော့ ကတ်လေးတွေအဖြစ် ပြောင်းလဲခဲ့ရာမှ လူအများကြား စိတ်ဝင်စားမှုပိုတိုးတက်ခဲ့တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE