နှင်းတွေတဖွဲဖွဲ ကျမနေပေမယ့် ယိုးဒယားနိုင်ငံရဲ့ ဆောင်းရာသီဟာ မြူနှင်းများကြားမှာ လှပနေပါတယ်။ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလ အထိကတော့ ယိုးဒယားရဲ့ အအေးမြဆုံးရာသီပါ။ အများအားဖြင့် မြောက်ပိုင်းဒေသတွေက ဆောင်းရာသီအငွေ့အသက်ကို ပိုရရှိတတ်တာမို့ အကယ်၍ ယိုးဒယားကို သွားလည်တော့မယ်ဆိုရင် ဒီရာသီတွေမှာ ရွေးသွားဖို့ အကြံပေးချင်ပါတယ်။
ယိုးဒယားဆိုရင် ဘန်ကောက်တို့ ခရာဘီတို့ ဖူးခတ်တို့ပဲ ပြေးမမြင်နေပါနဲ့နော်။ အဲဒီ(၃)နေရာကလွဲပြီး ရေမြေတောတောင်သဘာဝတွေကို ခံစားနိုင်မယ့် နေရာတွေကို ဦးစားပေး ဖော်ပြသွားမှာပါ။ ခရီးသွားတွေလည်း သိပ်မသွားလာ သေးတာမို့ ငုတ်လျှိုးနေတဲ့ ရတနာနေရာလေးတွေကို ကြည့်လိုက်ကြပါဦးနော်။
(၁) Mae Hong Son


ယိုးဒယားမြောက်ပိုင်းမှာတည်ရှိတဲ့ Mae Hong Son ကတော့ တောင်တန်းတွေထူထပ်ပြီး စိမ်းစိမ်းစိုစိုရှိလှတဲ့ ဒေသလေးပါ။ “The Land of Three Mists” လို့ အမည်တွင်တဲ့အတိုင်း သူ့မှာ တောင်ကုန်းပေါ်ကရွာလေး (၃) ရွာရှိပါတယ်။ Mae Hong Son ရောက်ရင်လုပ်သင့်တာတွေကတော့ ဒေသခံလမ်းပြတစ်ယောက်ငှားပြီး တောင်တန်းတွေပေါ် Trekking လုပ်တာပါ။ Kung Mai Sak နဲ့ Wat Pu Sama ဘုရားကျောင်းတို့ကို သွယ်ဆက်ပေးထားတဲ့ မီတာ (၉၀၀) အလျားနဲ့ Su Tone Pae ဝါးတံတားလေးပေါ်ဖြတ်လျှောက်ပါ။ မြန်မာ့နယ်စပ်နဲ့အနီးဆုံးဖြစ်တဲ့ Pha Sua ရေတံခွန်ဆီကို သွားလည်ပါ။
(၂) Chiang Rai

Kok မြစ်ကမ်းနဘေးမှာရှိနေတဲ့ Chaing Rai ဟာ ယိုးဒယားရဲ့မြောက်ပိုင်းအစွန်ပိုင်းမှာ တည်ရှိပါတယ်။ သူဟာလည်းတောင်တန်းဒေသပဲဖြစ်ပါတယ်။ မဲခေါင်မြစ်အပြင် မြန်မာ၊ ထိုင်းနဲ့ လာအိုတို့နယ်နမိတ်တွေစုံစည်းရာ ရွှေတြိဂံနယ်မြေအတွင်းမှာရှိတာပါ။ Chaing Rai ရောက်ရင်တော့ ရှေးဟောင်းဘုရားကျောင်းတွေဖြစ်တဲ့ Wat Rong Suea Ten, Wat Rong Khun, Wat Ming Meuang, Wat Phra Kaeo စတဲ့နေရာတွေကို ဦးစားပေးသွားပါ။ Lion Hill ဂူဆီကို ခြေလျင်တက်မယ်ဆိုရင်တော့ ယိုးဒယားရဲ့ အကြီးဆုံးအနီရောင်သဖန်းပင်ကြီးကို လမ်းမှာတွေ့နိုင်ပါတယ်။
(၃) Phetchabun



ယိုးဒယားရဲ့ဗဟိုမှာတည်ရှိပြီး Pa Sak River valley မှာရှိနေတဲ့ Phetchabun ဟာလည်း တောင်တန်းတွေနဲ့ဝန်းရံနေတဲ့ ဒေသလေးပါ။ အမျိုးသားဥယျဉ်တွေ၊ ရေတံခွန်တွေနဲ့ သဘာဝရေကန်တွေဝန်းရံလျက်ရှိပါတယ်။ အထင်ကရနေရာကတော့ မီတာ (၈၃၀) မြင့်တဲ့တောင်ထွတ်ပေါ်က မှန်စီရွှေချတွေ၊ ကဗျာစာပေတွေရှိတဲ့ Wat Pha Sorn Kaew ဘုရားကျောင်းဖြစ်ပါတယ်။ မီတာ (၁၈၀၀) ကျော်ရှိတဲ့ အမြင့်ဆုံး Phu Tub Berk မှာလည်း camping လုပ်ပြီး ရှုခင်းတွေကို ခံစားနိုင်ပါတယ်။ Tat Mok နဲ့ Khao Kho အမျိုးသားဥယျဉ်တွေမှာလည်း သဘာဝအလှတွေကို တွေ့မြင်နိုင်မှာပါ။
(၄) Loei



Loei ဒေသဟာ အရင်ကတည်းက လူနေမှုနည်းပါးတဲ့ ဒေသလေးဖြစ်ပါတယ်။ တောင်တန်းတွေကာရံထားပြီး Loei မြစ်ဟာလည်း ဒေသတွင်းဖြတ်ကာ စီးဆင်းလျက်ရှိပါတယ်။ စိတ်ဝင်စားဖွယ်အနေနဲ့ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ Phi Ta Kon ရိုးရာပွဲဟာ ရိုးရာမျက်နှာဖုံးတွေဝတ်ပြီး Dan Sai လမ်းမကြီးထက် စီတန်းလှည့်လည်ကပြဖျော်ဖြေကြပါတယ်။ Huai Krating ရဲ့ ရေလှောင်ကန်ထဲမှာ ဝါးဖောင်စီးလို့ရသလို ဒေသခံအစားအသောက်တွေကိုလည်း မြည်းစမ်းနိုင်ပါသေးတယ်။ Phu Bo Bit တောင်ပေါ်ကနေ မျက်စေ့တစ်ဆုံး သဘာဝအလှအပတွေကို (၃၆၀) ဒီဂရီအနေအထားနဲ့ ပတ်ပတ်လည်ခံစားနိုင်ပါသေးတယ်။ Phu Laung Wildlife Sanctuary မှာလည်း သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ကျောက်တုံးတွေကိုလည်း လေ့လာနိုင်ပါသေးတယ်။
(၅) Chiang Mai




ယိုးဒယားနိုင်ငံရဲ့ ဒုတိယလူဦးရေအထူထပ်ဆုံးမြို့ခြစ်ပြီး ကုန်ပြေမြင့်ဒေသမှာတည်ရှိပါတယ်။ နိုင်ငံတွင်း အမြင့်ဆုံးတောင်ဖြစ်တဲ့ Doi Inthanon တောင်ရှိရာနေရလည်း ဖြစ်ပါတယ်။ Doi Suthep တောင်ရဲ့ တောင်းကုန်းလေးပေါ်မှာတည်ရှိတဲ့ Wat Pharathat Doi Suthep ဘုရားကျောင်းအိုကြီကိုတော့ သွားကိုသွားသင့်တဲ့စာရင်းထဲမှာထည့်လိုက်ပါနော်။ ဘုရားကျောင်းပေါများရာဒေသဖြစ်တဲ့အတွက် ဘုရားကျောင်းချည်းပဲ (၃၀၀) ကျော်ရှိပြီး အထင်ကရနေရာတွေကတော့ Wat Phra Singh, Wat Chiang Man, Wat Chedi Laung တို့ပါ။ ထူးထူးခြားခြား ဆာကုရာပန်းတွေ လှိုင်လှိုင်ပွင့်တဲ့ Doi Inthanon အမျိုးသားဥယျဉ်ကိုသွား သွားခဲ့ဖို့ မမေ့ပါနဲ့ဦးနော်။
Source: World of Buzz
Penny