(၄၉)နှစ်ပိုငယ်တဲ့ ကျောင်းသူလေးနဲ့တွဲပြီး မအိုသေးကြောင်း သက်သေပြခဲ့တဲ့ သူဌေးကြီး

Twitter / TheSun

လက်ရှိအချိန်မှာ အသက်(၆၉)နှစ်ကို ရောက်နေပြီဖြစ်တဲ့ အီတလီစီးပွားရေးလုပ်ငန်းရှင် Flavio Briatore ဟာ သူ့ထက် အသက်(၄၉)နှစ် ပိုငယ်တဲ့ ဥပဒေကျောင်းသူလေးနဲ့တွဲပြီး လူမြင်ကွင်းမှာ ပေါ်ထွက်လာခဲ့လို့ သတင်းမီဒီယာထက်မှာတော့ ဂယက်ထသွားခဲ့ပါတယ်။ Flavio ဟာ ယခင်က ဖော်မြူလာဝမ်းမှာတော့ သြဇာကြီးခဲ့တဲ့ သူဌေးကြီးပါ။

သူနဲ့ ချစ်သူအသစ်ဖြစ်တဲ့ ကျောင်းသူလေး Bernadetta Bosi တို့ဟာ ကင်ညာကို အလည်အပတ်ခရီးစဉ် ထွက်လာခဲ့တာကို ပါပါရာဇီတွေက ခြေရာခံနိုင်ခဲ့တာပါ။ Flavio ဟာ ယခင်က အိမ်ထောင်နှစ်ဆက်ရှိခဲ့ပြီး၊ ပထမဇနီးကြီး  Marcy Schlobohm ကိုတော့ (၁၉၈၃)ခုနှစ်မှာ လက်ထပ်ကာ၊ (၁၉၈၇)မှာ ကွာရှင်းခဲ့ပါတယ်။

 

ဒုတိယဇနီး Elisabetta Gregoraci ကိုတော့ (၂၀၀၈)ခုနှစ်မှာ လက်ထပ်ပြီး (၂၀၁၇)မှာ ကွာရှင်းခဲ့တာပါ။ တရားဝင်အိမ်ထောင်နှစ်ဆက် ရှိခဲ့တဲ့အတောအတွင်းမှာ Flavio ဟာ  အမျိုးသမီးတွေနဲ့ တတွဲတွဲ၊ တဝဲဝဲလည်ရှိခဲ့သူပါ။ ဒုတိယဇနီးနဲ့ ကွာရှင်းပြီး နောက်တစ်နှစ်မှာ Bernadetta နဲ့ တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယဇနီး Gregoraci ဟာ အခုအချိန်မှာ အသက်(၃၉)နှစ်သာ ရှိသေးပြီး၊ သူမကလည်း သူ့ခေတ်သူ့အခါက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဖတ်ရှင်မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ အခု ငယ်မူငယ်သွေးကြွယ်နေဆဲ့ Bernadetta ကတော့ သူဌေးကြီးရဲ့ နောက်ဆုံးချစ်သူ ဖြစ်လာဖို့ရှိပါတယ်။

Bernadetta နဲ့ Flavio တို့ဟာ ကင်ညာမှာ အပျော်ကျူးခဲ့ပြီး၊ လူမြင်ကွင်းမှာတောင် အနမ်းတွေ ဖလှယ်နေခဲ့တာပါ။ Bernadetta ဟာ နာမည်ကျော်တက္ကသိုလ်ဖြစ်တဲ့ State University of Milan မှာ ကျောင်းတက်နေဆဲပါဘဲ။ သူဌေးကြီး Flavio ဟာ ယခင်က ပရီးမီယားလိဂ်ကလပ် QPR အသင်းကိုလည်း ပိုင်ဆိုင်ခဲ့ဖူးသူပါ။ ပိုက်ဆံရှိသလောက် မိန်းမကိစ္စမှာလည်း ဝါသနာကြီးပါတယ်။

Vogue မဂ္ဂဇင်းနဲ့တွေ့ဆုံစဉ်မှာ Flavio က “ မိန်းကလေးတွေ ရေတောင် မရေတွက်နိုင်ဘူး … ခင်ဗျားအနေနဲ့ တစ်ယောက်ယောက်နဲ့ အပြင်ထွက်လည်တယ် … ခင်ဗျားက ဒါပဲ ရှာဖွေနေတဲ့သူဆိုတော့ ဒါပဲတွေ့တာ မဆန်းပါဘူး … ဒီလိုပဲပေါ့ … ရည်ရွယ်ချက်ပါလေ ကောင်းလေပေါ့ .. ဒီနည်းနဲ့ မအောင်မြင်ဘူးဆိုရင် ကံတရားနဲ့လည်း ဆိုင်မယ် ထင်တယ် ”လို့ ပြောခဲ့ပါတယ်။

 Bernadetta ကတော့ ဆယ်လီနယ်ပယ်ထဲက မဟုတ်ပေမယ့် (၂၀၁၇)တုန်းကတော့ Pietrasantino Miss Carnival မှာ ပါဝင်ခဲ့ဖူးသူပါ။ ဒါပေမယ့် အရှင်မွေးတော့ နေ့ချင်းကြီးဆိုတာလို သူမအနေနဲ့ မကြာမီမှာ သတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရလာမှာ မလွဲပါဘူး။ သိရသလောက်တော့ ဥပဒေကျောင်းသူဆိုသော်လည်း ဖတ်ရှင်လောကထဲကို ဝင်ချင်နေသူပါ။ သူတို့ဟာ ကင်ညာကို သူဌေးကြီးရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးထွက်လာခဲ့ကြတာပါ။

လင်းဇော်ကို

SHARE