လေယာဉ်မောင်းရတဲ့ အရသာကို ခံစားကြည့်လိုသူတွေအတွက် တိုကျိုမြို့က The Haneda Excel Hotel Tokyu မှာ တည်းခိုရင်း လေယာဉ်မောင်းနိုင်နေပါပြီ။ ဟိုတယ်ဟာ တိုကျိုမှာရှိတဲ့ ဟာနီဒါအပြည်ပြည်ဆိုင်ရာ လေဆိပ်ဂိတ်အမှတ်(၂) နဲ့ တစ်ဆက်တည်း ဆောက်လုပ်ထားပါတယ်။

အခုဆိုရင် ဟာနီဒါအိပ်ဇ်ဆဲလ်ဟိုတယ်ဟာ တကယ်ပဲ လေယာဉ်မောင်းနေရသလိုမျိုး ခံစားရစေမယ့် လေယာဉ်မှူးစက်ခန်းတု Flight Simulator ထည့်သွင်းဆောက်လုပ်ထားတဲ့ အခန်းကို ၀န်ဆောင်မှူပေးတော့မယ်လို့ သိရပါတယ်။ ၄င်းအခန်းကို Superior Cockpit Room လို့ ခေါ်ပြီး လေယာဉ်ခန်းကို Boeing အမှတ် (၇၃၇–၈၀၀) အတိုင်း ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ဟိုတယ်ကတော့ အဲ့ဒီအခန်းမှာ တည်းခိုလိုသူတွေအတွက် အမျိုးမျိုးစီစဉ်ပေးထားပါတယ်။ တကယ်လို့ ဧည့်သည်ဟာ ဟိုတယ်မှာမတည်းဘူး၊ ဒါပေမယ့် Flight Simulator ကိုတော့ မောင်းချင်တယ်ဆိုရင် တစ်ဦးကို (၂၇၅) ဒေါ်လာ ကျသင့်မှာပါ။ လေယာဉ်မောင်းသင်ပေးမယ့်ဆရာနဲ့အတူ ဟာနီဒါကနေ အိုဆာကာမြို့ဆီ Flight Simulator နဲ့ မိနစ်(၉၀) ကြာ ပျံသန်းခွင့်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ဧည့်သည်က ၄င်း Flight Simulator ရှိတဲ့ လူနှစ်ယောက်အိပ်အခန်းမှာ တည်းခိုချင်တယ်ဆိုရင်တော့ တစ်ညတာအတွက် (၂၃၄) ဒေါ်လာ ထပ်ဆောင်းပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Flight Simulator ရှိရာ အခန်းထဲမှာ ညအိပ်တည်းခိုမယ့် ဧည့်သည်တွေဟာ စက်ကို မိမိသဘောအတိုင်းမောင်းနှင်လို့မရပါဘူး။ ဆရာအကူအညီနဲ့သာ မောင်းရမှာ ဖြစ်ပါတယ်။ ဆရာမပါပဲ လေယာဉ်မှူးယာဉ်မောင်းထိုင်ခုံပေါ် ထိုင်ခွင့်၊ တွေ့ရတဲ့ စက်ကိရိယာတွေကို ထိတွေ့ကိုင်တွယ်ခွင့် လုံးဝမရှိဘူးလို့လည်း သိရပါတယ်။ ၄င်း Superior Cockpit Room ကိုတော့ ဇူလိုင်(၁၈) ရက်မှစတင်ဖွင့်လှစ်မှာဖြစ်ပြီး ဘွတ်ကင်တင်ထားနိုင်ပြီဖြစ်ကြောင်း ဟိုတယ်ဝက်ဆိုက်ဒ်ကတော့ ဖော်ပြထားရှိပါတယ်။

လင်းလင်း (ShweMom)