ကမ္ဘာ့အသေးစားဟင်းလျာတွေကိုဖန် တီးနိုင်မယ့် ဟင်းချက်နည်းသင်တန်းကျောင်း

ဘရစ်စတိုးဈေးတစ်နေရာမှာ ရှေ့ဖုံးခါးစီးအဖြူရောင်တွေဝတ်ပြီး ဟင်းအမယ်တွေကို စီမံပြင်ဆင်နေတဲ့သူတွေဟာ ဟင်းချက်ကျောင်းတစ်ကျောင်းက အတန်းသားတွေဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ရဲ့ ဟင်းချက်နည်းသင်တန်းက တခြားကျောင်းတွေနဲ့မတူပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဖန်တီးရတဲ့ ဟင်းအမယ်တွေနဲ့ သင်ထောက်ကူပစ္စည်းလေးတွေအားလုံးက အရွယ်အစားသေးသေးလေးတွေချည်းပါ။ ဟင်းချက်လက်ကိုင်ဒယ်အိုးအရွယ်က ပြား(၅၀)အကြွေစေ့ အရွယ်လောက်ပဲရှိပြီး ဟင်းချက်မယ့် အသားလုံးတွေဆိုရင် အပ်ခေါင်းအရွယ်လောက်ပဲရှိပါတယ်။

အဆိုပါ အသေးစားအချက်အပြုတ်သင်တန်းကျောင်းကို ထူထောင်သူက အသက်(၃၄)နှစ်အရွယ် Thom Whitchurch ဆိုသူပါ။ သင်တန်းကျောင်းရဲ့ ပထမဆုံးအပတ်စဉ်ကိုပြီးခဲ့တဲ့အပတ်တုန်းက စိန့်နီကိုးလပ်စ်ဈေးမှာ ပြုလုပ်ခဲ့ပါတယ်။ ထိုသင်တန်းမှာတော့ လက်ညှိုးနဲ့လက်မနဲ့သာ ညှပ်ကိုင်လို့ရတဲ့ မက္ကဆီကန်ဟင်းလျာ ဖဟီးတာနဲ့ အသားညှပ်ပေါင်မုန့်လေးတွေကိုဖန်တီးပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ဖယောင်းခွက်သေးသေးလေးတွေကိုမီးဖိုလုပ်ပြီး ဟင်းသေးသေးလေးတွေကိုချက်ပြခဲ့တဲ့ ဗီဒီယိုတွေဟာ အွန်လိုင်းမှာခေတ်စားခဲ့ပါတယ်။ ထိုဗီဒီယိုလေးတွေကိုကြည့်ခဲ့ရာက Thom ဟာဟင်းအသေးစားလေးတွေကိုချက်ပြုတ် ဖန်တီးနိုင်တဲ့ သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ဖို့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။

Thom က “ပြီးခဲ့တဲ့နွေရာသီတုန်းက ကျွန်တော့အသိတစ်ယောက်က အင်စတာဂရမ်မှာ ဗီဒီယိုလေးတစ်ခုပြခဲ့တယ်။ ဟင်းချက်ပစ္စည်း ကိရိယာသေးသေးလေးတွေနဲ့ ဟင်းအမယ်သေးသေးလေးတွေကိုဖန်တီးတာပေါ့။ ကျွန်တော်ကြည့်ပြီးပြီးချင်း တော်တော်ကြိုက်သွားတယ်။ ဗီဒီယိုကိုကြည့်တဲ့သူတွေကလည်း (၄)သန်း (၅)သန်းဆိုတော့ လူတွေကဒီလိုမျိုးလေးတွေကို နှစ်သက်ပါလားဆိုတာသိလာတယ်။ ဒီလိုမျိုးဟင်းသေးသေးလေးတွေကို အပြင်မှာသာဖန်တီးရရင်ဘယ်လိုလဲပေါ့။ အဲဒီကနေစိတ်ကူးရခဲ့တာပါ” လို့ပြောပြခဲ့ပါတယ်။

READ
အနံ့အရသာလေးနဲ့ပြည့်စုံပြီး စားလို့အရမ်းကောင်းတဲ့ အသားသီးစုံထမင်းကြော်နည်း

ဟင်းချက်သင်တန်းသားတွေဟာ အရုပ်အိမ်ကလေးက အိုးသေးသေးလေးတွေ၊ ဒယ်အိုးသေးသေးလေးတွေကိုသာအသုံးပြုပြီးဟင်းချက်ပါတယ်။ မီးဖိုအတွက်ကတော့ ဖယောင်းခွက်သေးသေးလေးပါပဲ။ ချက်ပြီးတဲ့ဟင်းပွဲတွေကို အကြွေစေ့(၁)ပေါင်လောက်ပဲအရွယ်ရှိတဲ့ ပန်းကန်ပြားလေးတွေထဲမှာတည်ခင်းရပါတယ်။ ပြီးတော့ (၁)စင်တာမီတာလောက်ပဲရှိတဲ့ ဓားတွေ၊ ခရင်းတွေနဲ့ စားသောက်ရပါတယ်။ အခုဆိုရင် ဟင်းအမယ်ပုစုကွေးလေးတွေကိုချက်ပြုတ်နိုင်မယ့်သင်တန်းတွေကို လန်ဒန်၊ ဘာမင်ဂန်နဲ့ ကာဒစ်ဖ်တို့မှာပါ ဖွင့်လှစ်နိုင်ဖို့စီစဉ်နေကြောင်းသိရပါတယ်။

လင်းလင်း (ShweMom)

Source (Dailymail)

SHARE