ရှေးဟောင်းရေသတ္တဝါကြီးရဲ့ ဝမ်းဗိုက်အတွင်းမှာ ဧရာမဖွတ်ကြီးကို မျိုထားတဲ့အဖြစ်

YouTube_Scariest Acient Sea Monsters

လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၂၄၀)လောက်က တည်ရှိခဲ့တဲ့ သမိုင်းဦးရေသတ္တဝါကြီးရဲ့ ဝမ်းဗိုက်အတွင်းမှာ အခြားရေနေကုန်းနေသတ္တဝါ မျိုးစိတ်ဖြစ်တဲ့ ဖွတ်နဲ့တူတဲ့သတ္တဝါကြီးတစ်ကောင်ကို မျိုထားကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေက ထုတ်ဖော်နိုင်ခဲ့ပါတယ်။ ရေသတ္တဝါကြီးဟာ ယနေ့ခေတ် လင်းပိုင်ငါးနဲ့ ဆင်တူပြီး၊ Ichthyosaur လို့ ခေါ်ပါတယ်။

Ichthyosaur ရဲ့ဝမ်းဗိုက်အတွင်းက သတ္တဝါကတော့ Thalattosaur လို့ခေါ်တဲ့ ယနေ့ခေတ် ဖွတ် သို့မဟုတ် ရေနေမိကျောင်းသတ္တဝါနဲ့ ဆင်တူပြီး၊ သူရဲ့အမြှီးကတော့ ငါးမြှီးနဲ့ခပ်ဆင်ဆင် တူပါတယ်။ Thalattosaur သတ္တဝါဟာ အရှည်အားဖြင့် (၄)မီတာရှိပြီး၊ သူ့ကို မျိုထားတဲ့သတ္တဝါကြီးကတော့ (၅)မီတာဖြစ်ပါတယ်။

iScience

ပညာရှင်တွေကတော့ ဒါဟာ Mega Predation လို့ခေါ်တဲ့ ဧရာမသတ္တဝါကြီးတွေက ဧရာမသတ္တဝါကြီးတွေကို ကမ္ဘာဦးကတည်းက ကြီးနိုင်ငယ်ညှဉ်းပြူမူခဲ့တယ်ဆိုတာ မြင်သာစေတဲ့ ဥပမာတစ်ခုဖြစ်ကြောင်း ဆိုပါတယ်။ ဒါကို ကြည့်ချင်းအားဖြင့် ရှေးခေတ်က သတ္တဝါကြီးတွေဟာ ဘယ်လို အမဲလိုက်စားသောက်သလဲဆိုတာကို မြင်သာစေနိုင်သလို-

ဘာဖြစ်လို့ သူတို့တစ်တွေ နှစ်သန်းပေါင်းအစောကြီးကတည်းက ကမ္ဘာမြေပေါ်ကပျောက်ကွယ်ခဲ့တာလဲဆိုတဲ့ ကွင်းဆက်ကိုလည်း ရရှိစေမယ်လို့ ဆိုပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းကြီးဟာ လွန်ခဲ့တဲ့ (၂၀၁၀)ခုနှစ်ကတည်းက တရုတ်နိုင်ငံအနောက်တောင်ပိုင်း သက်ရင့်ကျောက်တုံးတွေ ထူထပ်ရာမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

ဒါပေမယ့် လေ့လာတွေ့ရှိချက်အသစ်တွေကိုတော့ iScience သိပ္ပံဂျာနယ်မှာ မကြာသေးခင်ကမှ ရေးသားဖော်ပြခဲ့တာပါ။ သိပ္ပံပညာရှင်တွေကတော့ Thalattosaur သတ္တဝါဟာ Ichthyosaur ရဲ့စားသောက်ခြင်းကို ခံခဲ့ရတာလားဆိုတာ သေချာမပြောနိုင်ခဲ့ပါဘူး။ တခြားမှတ်ချက်ကတော့ အလောင်းချင်းထပ်နေရာကနေ ကမ္ဘာမြေဖိအားကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းချင်း ကပ်သွားတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

iScience

နောက်ထပ် တွေးစရာတစ်ခုကတော့ (၄)မီတာရှိတဲ့ သတ္တဝါကို (၅)မီတာရှိတဲ့သတ္တဝါရဲ့ဝမ်းဗိုက်ထဲမှာ တွေ့ရတာက အတော်လေးကို အံ့သြဖို့ကောင်းလွန်းနေပါတယ်။ ဗိုက်ထဲရှိနေတဲ့သတ္တဝါဟာ Xinpusaurus xingyiensis လို့ခေါ်တဲ့ ဖွတ်ပုတက်နဲ့ဆင်တူတဲ့ သတ္တဝါဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချထားပါတယ်။

ဆောင်းပါးပူးတွဲရေးသားသူလည်းဖြစ်၊ ဂျပန်သုတေသနပညာရှင်တစ်ဦးလည်းဖြစ်တဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ Palaeobiology ပါမောက္ခ ဒေါက်တာ Ryosuke Motani က “ အကယ်၍ ဒိုင်နိုဆောခေတ်က ရှင်သန်ခဲ့ကြတဲ့ ဒီလို ရေနေသတ္တဝါတွေရဲ့ ရုပ်ကြွင်းတွေကို ကြည့်လိုက်မယ်ဆိုရင် … အခုလို သတ္တဝါတစ်ကောင်ရဲ့ ဝမ်းဗိုက်ထဲ အခြားသတ္တဝါတစ်ကောင် ရောက်နေတာမျိုးကိုတော့ မတွေ့ခဲ့ဖူးသေးပါဘူး ”လို့ ပြောပါတယ်။

iScience

သူက ဆက်လက်ပြီး “ Ichthyosaur ရဲ့ အစာအိမ်ထဲမှာ အစားတွေကို အက်စစ်ဓာတ်နဲ့ ချေဖျက်ထားခြင်း မရှိပါဘူး … ဒါကြောင့်မို့ ဒီအစားကို စားပြီးပြီးချင်းမှာပဲ ရေသတ္တဝါကြီး သေဆုံးခဲ့ရတာဖြစ်နိုင်တယ်လို့ ယူဆရပါတယ် ”လို့ ပြောခဲ့ပါတယ်။ ကနဦးတုန်းကတော့ သိပ္ပံပညာရှင်တွေဟာ ဒီအဖြစ်အပျက်ကို မယုံနိုင်ကြသေးဘဲ၊ သေချာအချိန်ယူလေ့လာပြီးမှ ခွဲခြားသိရှိခဲ့တာလို့ ဆိုပါတယ်။

နောက်ထပ်လေ့လာမှုတွေအရ Ichthyosaur တွေရဲ့သွားတွေဟာ တခြားအသားစားသတ္တဝါကြီးတွေနဲ့ယှဉ်ရင် အလွန်တုံးတဲ့ သွားတန်းရှည်ကို ပိုင်ဆိုင်ထားတာကြောင့် သူတို့ခေတ်သူတို့အခါက Ichthyosaur တွေဟာ အဓိက အသားစားသတ္တဝါကြီးတွေ ဟုတ်ဟန်မတူပါဘူးတဲ့။ ကြည့်ရတာ အစုံစားသတ္တဝါမျိုးဖြစ်နိုင်ပြီး၊ အခုလို အသားကိုစားတာမျိုးလည်း ရံဖန်ရံခါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လင်းသူရိန်

SHARE