
ကိုယ့်ရဲ့ ခြံထဲမှာပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်ရဲ့နောက်ဖေးမြေကွက်လပ်ထဲမှာပဲဖြစ်ဖြစ် တိရစ္ဆာန်ငယ်လေးတွေ လာရောက်ဆော့ကစားတာကို လူတိုင်းနီးပါး မြင်တွေ့ဖူးကြမှာပါ။ တိရစ္ဆာန်ငယ်လေးတွေကတော့ များသောအားဖြင့် ရှဉ့်ကလေးတွေနဲ့ ပုတ်သင်ညိုလေးတွေပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ နောက်ဖေးမြေကွက်လပ်ထဲကို မြေခွေးတွေ လာရောက်အပန်းဖြေတဲ့ ဖြစ်ရပ်ကိုတော့ လူတော်တော်များများ ကြုံဖူးကြမှာ မဟုတ်ပါဘူး။ ဒါကို ကြုံခဲ့ရတာကတော့ အမေရိကန်နိုင်ငံက မိသားစုတစ်စုပါပဲ။ အဆိုပါမိသားစုရဲ့ အိမ်နောက်ဖေးကို မြေခွေးမိသားစုလိုက်ဟာ နေ့စဉ်လာပြီး မနက်ကနေ ညနေအထိ အေးအေးဆေးဆေး အပန်းဖြေ ဆော့ကစားလေ့ရှိကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ မေလလောက်ကစပြီး အမေရိကန်နိုင်ငံ၊ Illinois ပြည်နယ်ရှိ အိမ်ရာတစ်ခုထဲမြှ နေထိုင်တဲ့ Shawn Davis လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ရဲ့ နောက်ဖေးမြေကွက်လပ်ထဲမှာ ပုံမှန်တွေ့နေကျ မြင်ကွင်းမဟုတ်တဲ့ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ မြေခွေးပေါက်စလေးနှစ်ကောင်ဟာ သူ့အိမ်ရဲ့ နောက်ဖေးမြေကွက်လပ်မှာ လာရောက်ဆော့ကစားနေတာပါပဲ။ ဒီလိုနဲ့ Shawn လဲ မြေခွေးလေးနှစ်ကောင်ဆော့ကစားနေတာကို မောင်းထုတ်ခြင်းမပြုပဲ ဒီအတိုင်းကြည့်နေခဲ့ပါတယ်။

နောက်တစ်ရက်ရဲ့ မနက်ခင်းတစ်ခုမှာ နောက်ဖေးက ဆူညံသံတစ်ချို့ကြောင့် Shawn တစ်ယောက် အိပ်ရာကနေ လန့်နိုးလာခဲ့ပါတယ်။ ဒီလိုနဲ့ Shawn တစ်ယောက် နောက်ဖေးမြေကွက်လပ်ကို အိမ်ထဲကနေလှမ်းကြည့်လိုက်တဲ့အခါမှာတော့ မြင်ရတဲ့မြင်ကွင်းတစ်ခုကြောင့် Shawn တစ်ယောက် အံ့သြမှင်သက်သွားပါတယ်။ အဲဒါကတော့ သူ့အိမ်မြေကွက်လပ်ထဲမှာ စုစုပေါင်း မြွေေး ၇ ကောင် ဆော့ကစားနေတာပါပဲ။ Shawn ရဲ့ ပြောပြချက်အရဆိုရင် မြေခွေးအဖေကြီး၊ မြေခွေးအမေကြီးနဲ့ သူတို့ရဲ့ သားသမီး ၅ ယောက်ဖြစ်ကြောင်း၊ သူတို့မိသားစုဟာ မနက်မိုးလင်းကတည်းကနေ ညနေနေဝင်အချိန်အထိ သူတို့အိမ်နောက်ဖက်မှာပဲ မိသားစုလိုက်ဆော့ကစားပြီး အချိန်ဖြုန်းလေ့ရှိကြောင်း သိရပါတယ်။
I put together a few highlights of our backyard fox family from over the last couple of months. Also, happy 4th all!
Posted by Shawn Davis on Saturday, 4 July 2020

“ကျွန်တော်တို့အိမ်အနာက်ဖက်မြေကွက်လပ်မှာက အပင်ကြီးတွေကော၊ ချုံပုတ်တွေရောရှိတော့ သူတို့ နေရတာ လုံခြုံတယ်လေ။ မသိရင် တောအုပ်အသေးစားလေးလိုပဲ။ ဖအေကြီးကတော့ တစ်နေကုန်အမဲလိုက်နေတာနဲ့တူတယ်။ တစ်ခါတစ်လေမှ ရောက်ရောက်လာတတ်တယ်။ အမြဲလာနေတာကတော့ မြေခွေးအမေကြီးနဲ့ သူ့သားသမီး ငါးယောက်ပါပဲ။ အခုနောက်ပိုင်းတော့ မြေခွေးလေးတွေ တဖြည်းဖြည်းကြီးလာတော့ လာတဲ့အကြိမ်ရေ လျော့သွားပါပြီ။ နောက်နှစ်ကျရင်လည်း ဒီလိုအချိန် အရင်လို ပြန်လာပြီး ကျွန်တော့်အနောက်မြေကွက်လပ်မှာ သူတို့မိသားစုလိုက် ပြန်လာဖို့ မျှော်လင့်မိပါတယ်။ ဒီနေရာလေးကို သူတို့မမေ့လောက်ဖို့ပဲ ဆုတောင်းနေပါတယ်” လို့ Shawn က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw