ဖြူနက်စင်းနဲ့မဟုတ်ပဲ အစက်ပြောက်လေးတွေနဲ့တွေ့ရတဲ့ ရှားပါးမြင်းကျားလေး

instagram/frankliuphotography

မြင်းကျားတွေဆိုတာ အဖြူအနက်စင်းတွေပါတာကြောင့် ကြည့်လိုက်တာနဲ့ ကွက်ကွင်ကွင်းကွင်း မြင်းကျားဆိုပြီး တန်းသိနိုင်တဲ့ သတ္တ၀ါတွေပါ။ ဒါပေမယ့် အခုအခါမှာတော့ မြင်းကျားဖြစ်ပေမယ့် မြင်းကျားတစ်ကောင်ရဲ့ ၀ိသေသနဲ့ နည်းနည်းလေး ကွဲထွက်နေတဲ့ မြင်းကျားလေးတစ်ကောင်ကို insider ကနေတဆင့် တွေ့ရှိလာရပါတယ်။

instagram/frankliuphotography

မြင်းကျားလေးရဲ့ ထူးခြားချက်က သူ့ကိုယ်ပေါ်က အစက်အပြောက်လေးတွေပါပဲ။ အဖြူနဲ့အနက်စင်းတွေပါတဲ့ မြင်းကျားအုပ်ထဲမှာ သူတစ်ကောင်တည်း ခန္ဓာကိုယ်ပေါ်မှာ အစင်းကျားတွေမရှိပဲ အဖြူပျောက်လေးတွေနဲ့ ရှိနေတာ ဖြစ်ပါတယ်။ ရှားပါးပြီး တွေ့ရခဲတဲ့ ဒီမြင်းကျားလေးကိုတော့ ဓာတ်ပုံဆရာ ဖရန့်ခ်လျူးက ကင်ညာနိုင်ငံ မာဆိုင်မာရာဧရိယာမှာ ရိုက်ကူးခဲ့တာပါ။

instagram/frankliuphotography

လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ရုပ်ဆင်တယ်ပဲ ဆိုဦးတော့ လက်ဗွေရာတွေကတော့ အမြဲတမ်းကွာခြားတတ်ပါတယ်။ မြင်းကျားတွေကလည်း ဒီအတိုင်းပါပဲ။ မြင်းကျားတိုင်းမှာ သူတို့ကိုယ်မှာပါတဲ့ အဖြူနဲ့ အနက်စင်းက တစ်ကောင်နဲ့တစ်ကောင် မတူကြပါဘူး။ အခုတွေ့ရတဲ့ မြင်းကျားလေးကတော့ မာဆိုင်မာရာမှာ ပထမဆုံးထူးခြားတဲ့ အဆင်အသွေးနဲ့ တွေ့မြင်ရတဲ့ မြင်းကျားပေါက်လေးပဲ ဖြစ်ပါတယ်။ မြင်းကျားလေးက သူ့အမျိုးတွေလိုမဟုတ်ပဲ အမွှေးအမျှင်တွေကလည်း အညိုရောင်ဖြစ်ပါတယ်။

instagram/frankliuphotography

သူ့နာမည်ကတော့ တီရာလို့ ခေါ်ပါတယ်။ တီရာလေးရဲ့ ဗီဒီယိုလေးကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

 

 

View this post on Instagram

 

Tira – The Odd One @natgeo @natgeowild @natgeoyourshot

A post shared by Frank Liu (@frankliuphotography) on

ကယ်လီဖိုးနီးယားတက္ကသိုလ်က ဂေဟဗေဒပရော်ဖက်ဆာ ဘရန်ဒါလာရစ်ဆန်ကတော့ မြင်းကျားတွေရဲ့ ခန္ဓာကိုယ်ပေါ်က အစင်းတွေဟာ လုပ်ငန်းတွေအများကြီး လုပ်ဆောင်ကြောင်း ဆိုပါတယ်။ ဒီအစင်းကြောင်းတွေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးတာ၊ မှက်ခြင်တွေမကိုက်စေအောင်နဲ့ သားကောင်ကြီးတွေ ရန်က ကာကွယ်ပေးတာမျိုးတွေ လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ အစင်းကြောင်းတွေရဲ့ အဓိက အားသာချက်ကတော့ သူတို့တွေ အုပ်စုလိုက် တစ်စုတည်း နေတဲ့အခါမျိုးမှာ သားကောင်ကြီးတွေအတွက် အနားကပ်ဖို့ ခက်ခဲသွားပါတယ်။

instagram/frankliuphotography

ဒါပေမယ့် တီရာကတော့ အုပ်စုထဲမှာ အဖြူအပြောက်တွေနဲ့ တစ်ကောင်တည်း ချွန်ထွက်နေတဲ့အတွက် သားကောင်ကြီးတွေရဲ့ ပစ်မှတ်ဖြစ်ဖို့ ပိုလွယ်ကူနေပါတယ်။ တီရာလို ထူးခြားပြီး မြင်းကျားနဲ့မတူတဲ့ မြင်းကျားတွေဟာ ရံဖန်ရံခါ မျိုးဗီဇပြောင်းလဲမှူအရ ရှိတတ်ပါတယ်။ အခုနှစ်အစောပိုင်းတုန်းကလည်း တန်ဇန်းနီးယားက ဆီရန်ဂီတီအမျိုးသားဥယျာဉ်မှာ ရွှေအိုရောင်အဆင်းနဲ့ မြင်းကျားတစ်ကောင်ကိုတွေ့ခဲ့ရတယ်လို့ သတင်းတွေ တက်လာခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE