Xbox Series X က PS5 ထက် ပိုကောင်းတယ်လို့ ဆိုလာတဲ့ ဂိမ်မာဘိုးအေကြီး Gabe Newell

YouTube/XBox_PS5

နာမည်ကျော်ဗီဒီယိုဂိမ်း Developer တစ်ယောက်လည်းဖြစ် ၊ VALVE ကုမ္ပဏီရဲ့ ဥက္ကဌလည်းဖြစ်သူ Gabe Newell က  အင်တာဗျုးတစ်ခုမှာ  PS5 ထက်  Xbox တွေက ပိုကောင်းတယ်လို့ ဝန်ခံခဲ့ပါတယ်။  Xbox Series X  နဲ့ PlayStation 5  တို့ဟာ မထွက်သေးပေမယ့် Gamer တွေရဲ့ စိတ်ဝင်စားခြင်းခံရတဲ့ ဂိမ်းစက်အသစ်တွေပဲ ဖြစ်ပါတယ်။ အခုအချိန်အထိ သူတို့ရဲ့ မူရင်းကုမ္ပဏီကြီးတွေကဆီက အဲဒီစက်တွေနဲ့ ပတ်သက်တဲ့အချက်အလက် အသေးစိတ်တွေကို တရားဝင်မထုတ်ပြန်သေးပေမယ့်  Gamer တွေကြားမှာတော့ ထုံးစံအတိုင်း ငြင်းခုံမှုတွေ ထွက်ရှိနေပါပြီ။

Gamer တွေနဲ့ Game ပညာရှင်တွေဟာ Xbox Series X  နဲ့ PlayStation 5 က ဘယ်ဟာက ပိုကောင်းတယ် ၊ ပိုသာတယ်ဆိုတာ စတင်ငြင်းခုံနေကြပါတော့တယ်။ အခုတော့ Gabe Newell ကိုယ်တိုင်ကလည်း ဒီလို ပြောလိုက်တာကြောင့် အဲဒီငြင်းခုံမှုတွေကို လုံးဝ မီးပိုရှို့ပေးလိုက်သလို ဖြစ်သွားခဲ့ပါတော့တယ်။

ရုပ်သံအစီအစဉ်တစ်ခုရဲ့ အင်တာဗျုးအစီအစဉ်တစ်ခုမှာ ပရိသတ်တစ်ယောက်က Xbox Series X  နဲ့ PlayStation 5တို့မှာ ဘယ်ဟာက ပိုကောင်းသလဲဆိုတာ မေးမြန်းခဲ့ရာမှာ လုံးဝမစဉ်းစားဘဲ အခုလိုဖြေဆိုခဲ့တာဖြစ်ပါတယ်။ Xbox က ဘာကြောင့် ပိုကောင်းရသလဲလို့ ပြန် မေးမြန်းရာမှာတော့- Xbox  က  Xbox ဖြစ်နေလို့ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ Gabe Newell က အမြဲတမ်းလိုလို ဂိမ်းတွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။  PlayStation 3 ထွက်တဲ့ အချိန်တုန်းကလည်း PlayStation 3 ဟာ သိပ်မကောင်းလှတဲ့ Console တစ်ခုဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ဖူးပါသေးတယ်။ 

Sony PlayStation 5 ဟာ ဗားရှင်း ၂ မျိုးနဲ့  ထွက်ရှိလာမှာဖြစ်ပါတယ်။ ပထမဗားရှင်းကတော့ 4K Ultra HD Blu-ray drive  ဖြစ်ပြီး ဒုတိယဗားရှင်းကတော့ အခွေထည့်စရာမလိုတဲ့  “digital edition” ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကလည်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် ခန့်မှန်းခြေ ဒေါ်လာ ၆၀၀ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

Xbox Series X စနစ်က Xbox One ထက် ၄ ဆမြန်ဆန်ပြီး ထွက်ရှိပြီးသား Xbox ဂိမ်းတွေလည်း ကစားနိုင်မယ်လို့ သိရပါတယ်။ ဂိမ်းအဟောင်းတွေကို ဂိမ်းစက်အသစ်တွေထဲမှာ ကစားနိုင်မယ့်အတွက်ကြောင့် အရသာအသစ်တစ်မျိုးတော့ ရမှာ အသေအချာပါပဲ။ Xbox Series X  နဲ့ ပတ်သက်ပြီး Microsoft  ဘက်က တရားဝင်ထုတ်ပြန်ချက်တွေ ပြုလုပ်ခဲ့ပေမယ့် ဈေးနှုန်းကိုတော့ အတိအကျ မကြေညာသေးပါဘူး။

ဒီ ဂိမ်းစက်အသစ် ၂ ခုဟာ တစ်ခုပြီး တစ်ခုဆက်တိုက် ထွက်လာမှာကြောင့် ဂိမ်းချစ်သူတွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။

Ye Yint Kyaw

SHARE