အိန္ဒိယသူရဲကောင်း မဟတ္တမဂန္ဒီရဲ့ရုပ်ပုံကို ဗြိတိန်ငွေဒင်္ဂါးအသစ်ပေါ်မှာ ရိုက်နှိပ်သုံးစွဲမည်

wikimedia commons_Freepik_jaip

အိန္ဒိယငြိမ်းချမ်းရေး သူရဲကောင်းကြီး မဟတ္တမဂန္ဒီရဲ့ ပုံရိပ်လွှာကို ဗြိတိန်ငွေဒင်္ဂါးအသစ်တစ်မျိုးအပေါ်မှာ ရိုက်နှိပ်ဖော်ပြဖို့ ရှိနေကြောင်း DailyMail သတင်းစာရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ ဂန္ဒီဟာ ဗြိတိန်တရားဝင်ငွေကြေးပေါ်မှာ နေရာယူလာတော့မယ့် လူဖြူမဟုတ်တဲ့သူတွေထဲမှာတော့ ပထမဆုံး ဖြစ်လာမှာပါ။

 

တော်ဝင်ဒင်္ဂါးရိုက်နှိပ်ထုတ်ဝေရေး အကြံပေးကော်မတီ Royal Mint Advisory Committee (RMAC) အနေနဲ့ အခုဆိုရင် ဂန္ဒီရဲ့ပုံရိပ်လွှာကိုအသုံးပြုပြီး ငွေဒင်္ဂါး/ငွေစက္ကူရိုက်နှိပ်ခြင်းလုပ်ငန်းကို စတင်ကြီးကျယ်နေပြီလို့ သိရပါတယ်။

အဆိုပါ ကော်မတီဟာ ငွေကြေးရိုက်နှိပ်ထုတ်ဝေရာမှာ ဒီဇိုင်းနဲ့ အပြင်အဆင်ကို ဆုံးဖြတ်ချက်ပေးရတဲ့ ကော်မတီဖြစ်ပါတယ်။ မဟတ္တမန္ဒီဟာ (၁၉၄၇)ခုနှစ် သြဂုတ်လမှာ အိန္ဒိယတို့အပေါ် ဗြိတိန်ကိုလိုနီအုပ်ချုပ်ရေး ပြီးဆုံးသွားခဲ့ပြီး၊ နောက်ထပ် (၅)လကြာ (၁၉၄၈)ခုနှစ် ဇန်နဝါရီ(၃၀)မှာ မသမာသူလူတစ်စုရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

 

ဗြိတိန်မှာ Chancellor of the Exchequer အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Rishi Sunak ဟာ အိန္ဒိယနွယ်ဖွား ဖြစ်ပါတယ်။ Rishi ဟာ ခေတ်သစ်ဗြိတိန်ကိုပုံဖော်ရာမှာ လူမည်းနဲ့ လူနည်းစုတွေရဲ့စွမ်းအားကလည်း အရေးပါကြောင်း ဆိုပါတယ်။

ဒါတွေကို အသိအမှတ်ပြုဖို့အတွက် BAME လို့ခေါ်တဲ့ Campaign ကိုလည်း ထောက်ခံသူလည်း ဖြစ်ပါတယ်။ ဗြိတိန်မှာက လူဖြူများအပေါ်မှာ မဟာလူမျိုးကြီးဝါဒဟာ အရိုးစွဲနေပြီး၊ ဒါကို အာရှနွယ်ဖွားတွေ၊ လူမည်းတွေက ချေဖျက်ချင်ကြတာ ဖြစ်ပါတယ်။

 

We Too Built Britain campaign ကို ဦးဆောင်ခဲ့တဲ့ Zehra Zaidi ထံကို Rishi က အိတ်ဖွင့်စာတစ်စောင် ပို့ပေးခဲ့ပြီး၊ အဲဒီစာထဲမှာ ဗြိတိန်ကိုပုံဖော်ရာမှာ လူမည်းတွေ၊ အာရှနွယ်ဖွားတွေနဲ့ လူနည်းစုအသိုင်းအဝိုင်းတွေရဲ့ ကြိုးပမ်းမှုတွေဟာ ဗြိတိန်သမိုင်းကြောင်းမှာ များစွာအရေးပါခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် Rishi က BAME ကို ကိုယ်စားပြုနိုင်တဲ့သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးကို ဗြိတိန်ငွေဒင်္ဂါးတစ်မျိုးပေါ်မှာ ရိုက်နှိပ်သင့်ကြောင်း RMAC ထံကို အကြံပေးနှိုးဆော်ခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ RMAC ကလည်း ပြီးခဲ့တဲ့စနေနေ့က အီးမေးလ်ဖြင့် အကြောင်းပြန်ရာမှာ ဂန္ဒီရဲ့ပုံရိပ်ကို အသုံးပြုပြီး ငွေဒင်္ဂါးအသစ် ရိုက်နှိပ်နေပြီလို့ အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။

လင်းသူရိန်

SHARE