ကျဆုံးစစ်သည်တွေရဲ့ ကလေးတွေကို အပန်းဖြေစခန်းဆီ ပို့ပေးခဲ့တဲ့ ရုပ်ရှင်မင်းသား

Instagram/GARYSINISEOFFICIAL

မင်းသားကြီး Gary Sinise လို့ ပြောလိုက်ရင် စိမ်းနေကြမှာပါ။ တကယ်တော့မင်းသားကြီး Gary Sinise ဟာ မြန်မာရုပ်ရှင်ချစ်သူတွေနဲ့ စိမ်းတဲ့ မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ Tom Hanks ရဲ့ Forrest Gump ရုပ်ရှင်ကားကို မှတ်မိကြမှာပါ။ Gary Sinise ဟာ အဲဒီရုပ်ရှင်ထဲမှာ Forrest Gump ရဲ့ အထက်အရာရှိအဖြစ် သရုပ်ဆောင်ခဲ့ရတဲ့  Lieutenant Dan Taylor ပဲ ဖြစ်ပါတယ်။

အခုတော့ အဲဒီမင်းသားကြီး Gary Sinise ဟာ ကျဆုံးသွားတဲ့ အမေရိကန်စစ်သည်တွေရဲ့ ကျန်ရှိနေခဲ့တဲ့ ကလေးပေါင်း အယောက်တစ်ထောင်ကျော်ကို ကမ္ဘာကျော်ကာတွန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ဒစ္စနေးရဲ့ အလည်အပတ်နေရာကို (၅)ရက်တာ ပို့ဆောင်ပေးခဲ့တာပါ။

 

မင်းသားကြီး Gary Siniseဟာ ကိုယ်ပိုင်ဖောင်ဒေးရှင်းတစ်ခုကို ၂၀၁၁ ကတည်းက  ထူထောင်ထားပြီး အမေရိကန်စစ်သည်တွေရဲ့ ကျန်ရှိနေခဲ့တဲ့ မိသားစုတွေကို လိုက်လံကူညီပေးနေတာပါ။  Gary Sinise Foundation ဟာ နှစ်တိုင်း နှစ်တိုင်း ဒီဇင်ဘာလရောက်တိုင်း အမေရိကန်လေကြောင်းလိုင်းနဲ့ အတူ ခရီးတွေကို ပို့ဆောင်ပေးနေတာပါ။ အခုတစ်နှစ်ကတော့ ဒစ္စနေးကမ္ဘာဆီကို ကလေးတွေအတွက်ပျော်စရာခရီးတစ်ခုအဖြစ်နဲ့ပါ။

 

အပန်းဖြေခရီးကို လည်ပတ်နေရတဲ့ ကလေးငယ်တွေဟာ အလွန်အမင်းကို ပျော်ရွှင်နေကြပြီး ဆောင်းရာသီလည်းဖြစ်တာကြောင့် ဆီးနှင်းတွေကို ဘောလုံးလုပ်ပြီး ကစားနေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေဟာ လူမှုကွန်ရက်မှာ အများအပြားတက်လာခဲ့ပါတယ်။  Gary Sinise ရဲ့ အစီအစဉ်ကတော့ စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေရဲ့ ကျန်ရှိနေခဲ့တဲ့ မိသားစုဝင်တွေရဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်ခံစားချက်တွေကို တတ်စွမ်းသလောက် ကုသနိုင်ဖို့ပဲဖြစ်ပါတယ်။

“ကျဆုံးစစ်သည်တွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုအတွက် ကူညီပေးဖို့၊ အသစ်အသစ်သော အရာတွေ၊ စိတ်ခွန်အားတွေပေးစွမ်းနိုင်ဖို့အတွက် ကျနော်တို့လုပ်ဆောင်ပါ့မယ်လို့ ကတိစကားပေးပါတယ်”လို့  Gary Siniseက ပြောကြားခဲ့ပါတယ်။

 

အခုလို လိုက်ပါပို့ဆောင်နေပေးတယ်ဆိုတဲ့ သတင်းပိုစ့်တွေအောက်မှာ ဒါဟာ ကောင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်တာကြောင့် ဘုရားသခင်ကောင်းချီးပေးပါစေလို့ချီးကျုးသူတွေလည်း များစွာပါပဲ။ ဒီလို မမေ့နိုင်စရာ နေ့ရက်တွေအတွက်လည်း ကျေးဇူးတင်နေကြောင်းကိုလည်း ရေးသားထားကြပါတယ်။

 

READ
နေ့တိုင်းမိုင်ပေါင်းများစွာ ခရီးကြမ်းနှင်ပြီး တပည့်တွေကို စာသင်ပြပေးနေတဲ့ ကျောင်းဆရာ

Ye Yint Kyaw

SHARE