အနုပညာရှင်တစ်ဦးဟာ သူ့ရဲ့ အောင်မြင်ကျော်ကြားမှုနဲ့ ငွေကြေးဥစ္စာတွေကို အကူအညီလိုအပ်နေသူတွေဆီ လှူဒါန်းတဲ့အခါ အားလုံးက ချီးမွမ်းထောပနာပြုကြပါတယ်။ တစ်ချို့အနုပညာရှင်တွေက ဖောင်ဒေးရှင်းတွေဖွင့်ပါတယ်။ တချို့ကျတော့လည်း ဖောင်ဒေးရှင်းမဖွင့်နိုင်တောင် လိုအပ်သူတွေအတွက် ရန်ပုံငွေရှာတဲ့ပွဲလေးတွေမှာ ပါဝင်ပူးပေါင်းပေးကြပါတယ်။ အမျိုးမျိုးပါပဲ။

ဒီလို မွန်မြတ်တဲ့ကုသိုလ်ရေးအလုပ်ကို လုပ်ဆောင်နေသူတွေထဲမှာတော့ Gary Sinise လည်း ပါဝင်ပါတယ်။ Gary က သရုပ်ဆောင်တစ်ဦးလည်း ဖြစ်သလို ဂီတပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူက Forest Gump ၊ The Green Mile နဲ့ Apollo 13 စတဲ့ နာမည်ကျော်ဇာတ်ကားတွေကို ကြည့်ဖူးမယ်ဆိုရင်တော့ သူ့ကို မှတ်မိနိုင်မှာပါ။

Forest Gump ထဲ လက်ဖတင်နင်ဒန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးဟာ အခုဆိုရင် အမေရိကန်စစ်ပြန်ကြီးတွေကို အကူအညီပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်လျက်ရှိနေပါတယ်။ သူက Gary Sinise Foundation ဆိုပြီး တည်ထောင်ထားပါတယ်။ အဲ့ဒီဖောင်ဒေးရှင်းဟာ စစ်ပြန်ကြီးတွေနဲ့ ၄င်းတို့တွေရဲ့ မိသားစုတွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။

Sinise ကတော့ “ကျွန်တော်တို့အနေနဲ့ စစ်ပြန်ဟောင်းကြီးတွေရဲ့ နိုင်ငံတော်အပေါ်မှာ ကာကွယ်ပေးတဲ့ ကျေးဇူးကို ဆပ်လို့မကုန်ပါဘူး။ အမြဲတမ်းတော့ ကျွန်တော်တို့ နိုင်သလောက်တစ်ခုခုလေးနဲ့ သူတို့ကို ပြန်ကျေးဇူးပြုနိုင်ပါတယ်…” လို့ ဆိုပါသေးတယ်။ Sinise ရဲ့ ဖောင်ဒေးရှင်းထဲမှာတော့ Snowball Express လို့ခေါ်တဲ့ အစီအစဉ်တစ်ခု ရှိပါတယ်။


(၂၀၁၇) ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဒီအစီအစဉ်ဟာ ကျဆုံးသွားကြတဲ့ အမေရိကန်စစ်သားကြီးတွေရဲ့ ကလေးတွေကို ကမ္ဘာပေါ်က အထူးခြားဆုံးပစ္စလက်ဆန်ဆန်နေရာဖြစ်တဲ့ Disney World ဆီ အခမဲ့လိုက်ပို့ပေးတာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲမှာတော့ ကလေးပေါင်း (၁,၇၅၀) ယောက်ပါဝင်ခဲ့ကြပြီး ငါးညအိပ်ခရီးနဲ့ အော်လန်ဒို Disney Theme Park ဆီ ပျံသန်းခဲ့ကြတာပါ။ ဒီခရီးစဉ်လေးမှာတော့ ကလေးတွေနဲ့ ၄င်းတို့ရဲ့ အုပ်ထိန်းသူမိဘတွေဟာ “we remember” ဆိုတဲ့ တံဆိပ်ကလေးတွေကပ်ပြီး ကျဆုံးသွားတဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုကြောင်းဖော်ပြခဲ့ကြတာကိုလည်း Borepanda သတင်းအရ သိရှိရပါတယ်။


လင်းလင်း (ShweMom)