သန္ဓေသားလောင်းကို သာမန်လူတွေနဲ့ ကွဲထွက်အောင် DNA ပြောင်းလိုက်တဲ့ သိပ္ပံပညာရှင်

မကြာသေးခင်က ဟောင်ကောင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ထိပ်တန်း သိပ္ပံပညာရှင်များ တွေ့ဆုံတဲ့ ညီလာခံတစ်ခုမှာ တက်ရောက်သူ အားလုံးကို ထိတ်လန့်သွားစေခဲ့တဲ့ အကြောင်းအရာတစ်ခု ရှိခဲ့ပါတယ်။ တရုတ်သိပ္ပံပညာရှင် He Jiankui က မျိုးရိုးဗီဇ ပြုပြင်တဲ့ CRISPR-Cas9 နည်းစနစ်ကို အသုံးပြုကာ သန္ဓေသားလောင်း နှစ်ခုရဲ့ DNA တွေကို ပြုပြင်ခဲ့တယ်ဆိုတာပါ။

“ဒါမျိုးစမ်းသပ်မှုတွေဟာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ စမ်းသပ်မှုတွေ လုပ်လိုက်တိုင်းလည်း ကမ္ဘာပေါ်မှာ ပြောင်းလဲမှုကြီးတွေ ဖြစ်သွားစေပါတယ်” လို့ စတန်းဖို့ဒ်တက္ကသိုလ်မှ စီနီယာသုတေသနပညာရှင် William Hurlbut က ဆိုခဲ့ပါတယ်။ He Jiankui ရဲ့ အခုလိုစမ်းသပ်မှုနဲ့ ပတ်သက်လို့ အခြားဘယ်သိပ္ပံပညာရှင်တွေကမှ အားပေးထောက်ခံခြင်း မပြုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ Jiankui ဟာ အရင်ညီလာခံတွေတုန်းကဆို တက်လေ့မရှိဘဲ အခုတစ်ကြိမ်ကျမှ သူ့ရဲ့ စမ်းသပ်မှုကို တက်ရောက်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

BBC

ရှန်ကျန်းမြို့ရဲ့ သိပ္ပံနဲ့ နည်းပညာ တောင်ပိုင်းတက္ကသိုလ်က ပရော်ဖက်ဆာဖြစ်တဲ့ Jiankui ဟာ မျိုးရိုးဗီဇပြုပြင်တဲ့ သူ့ရဲ့ စမ်းသပ်မှုကို အမြွှာသန္ဓေသားမှာ ပြုလုပ်ခဲ့တာပါ။ သန္ဓေသားလောင်းရဲ့ ခရိုမိုဆုမ်းတွေကို ပြုပြင်လိုက်တာ ဖြစ်ပြီး ဒါဟာ HIV အပါအဝင် ကုသလို့ မရတဲ့ ဆဲလ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကိုပါ ခုခံနိုင်စွမ်းရှိအောင် DNA ပြောင်းလိုက်တာဖြစ်ပါတယ်။ အဓိကအားဖြင့် သန္ဓေသားလောင်းတွေရဲ့ သွေးဖြူဥနဲ့ပတ်သက်တဲ့ ဧရိယာတစ်ခုဖြစ်တဲ့ CCR5 ကို CRISPR-Cas9 လို့ ခေါ်တဲ့ ခရိုမိုဆုမ်းပြုပြင်နည်းနဲ့ ဖယ်ထုတ်လိုက်တာဖြစ်ပါတယ်။

READ
ကိုယ့်ဖေ့စ်ဘုတ်ဒေတာတွေကို တခြားသူတွေ ခြေရာမခံနိုင်အောင် ဘယ်လိုလုပ်မလဲ

ဒီလို သန္ဓေသားရဲ့ DNA ကို ပြုပြင်လိုက်ခြင်းဟာ ဆဲလ်တွေအကုန်လုံးကိုပါ ပြောင်းသွားစေမှာ ဖြစ်ပြီး သန္ဓေသားကနေ ပွားလာမယ့် နောက်မျိုးဆက်တွေကိုပါ ဆဲလ်တွေ လက်ဆင့်ကမ်းသွားမှာလည်း ဖြစ်ပါတယ်။ အခြားသိပ္ပံပညာရှင်တွေ စိုးရိမ်နေကြတာလည်း ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။ ယခုမွေးဖွားလာမယ့် ဆဲလ်ပြောင်း သန္ဓေသားတွေဆီမှာသာ မမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ရင် ဒါဟာ နောက်မျိုးဆက်တွေဆီကိုပါ ကူးစက်သွားမှာ ဖြစ်တဲ့အတွက်ပါ။ ဒါ့အပြင် သန္ဓေသားလောင်းကို ပြုပြင်လိုက်တာဟာ ဆေးပညာစည်းမျဥ်းနဲ့ မကိုက်ညီဘူး၊ အကျိုးဆက် ဆိုးစေမယ့် လုပ်ရပ် စသဖြင့်ပါ ထောက်ပြနေကြပါတယ်။

Second International Summit on Human Genome Editing

တကယ်လည်း သိပ္ပံပညာရှင် Jiankui ဟာ သူ့ရဲ့ စမ်းသပ်မှုအတွက် ရေရှည်အကျိုးဆက်ကို သေချာစဉ်းစားခဲ့ပုံမရပါဘူး။ ညီလာခံတက်သူတွေထဲကတစ်ယောက်က ဗီဇပြောင်းကလေးတွေဟာ မွေးဖွားလာပြီးနောက် လူ့အဖွဲ့အစည်းထဲမှာ ဘယ်လိုရှင်သန်နေထိုင်မလဲလို့ သူ့ကို မေးလိုက်ချိန်မှာတော့ “ဒီမေးခွန်းကို ကျွန်တော်ဘယ်လိုဖြေရမှန်း မသိဘူး” လို့ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ကလေးရဲ့ မိဘတွေကို သန္ဓေဗီဇပြောင်းဖို့ တိုက်တွန်းခဲ့စဉ် အကျိုးဆက်တွေကို သေချာရှင်းပြခဲ့ခြင်း မရှိဘူးလို့ ဝေဖန်သံတွေလည်း ရှိနေပါတယ်။

တရုတ်သိပ္ပံပညာရှင်တွေက မျိုးရိုးဗီဇပြောင်းတဲ့ စမ်းသပ်မှုတွေကို ပြုလုပ်တာ ဒါပထမဆုံး မဟုတ်ပါဘူး။ မျောက်တွေဆီမှာလည်း ဗီဇပြောင်းလဲ စမ်းသပ်မှုတွေ ပြုလုပ်အောင်မြင်ခဲ့ပြီး အရွယ်ရောက်ပြီးသား လူတွေဆီမှာလည်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သန္ဓေလောင်းတွေရဲ့ ဗီဇကို ပြုပြင်ခြင်းကတော့ စမ်းသပ်နေကြဆဲဖြစ်ပြီး အပြီးသတ် အသုံးချ စမ်းသပ်လိုက်တာကတော့ ယခုဖြစ်စဉ်ဟာ ပထမဆုံးဖြစ်နေပါတယ်။ ၂၀၁၇ တုန်းကတော့ တရုတ်အစိုးရဟာ မျိုးရိုးဗီဇပြောင်း စမ်းသပ်မှုအတွက် ကန်ဒေါ်လာ ၂၅၄ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ ဒါဟာ နယ်ပယ်တူမှာ အမေရိကန်နောက်က မကျန်ခဲ့စေဖို့ တွန်းအားပေးနေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

READ
ဒေါ်လာသန်းချီသုံးပြီး နည်းပညာမြင့် စစ်ဝတ်စုံ တီထွင်နေတဲ့ အမေရိကန်နိုင်ငံ

Ref: CNN , BBC , ScienceMag.org

SHARE