အရွယ်အစား (၂)လက်မအထိရှိတဲ့ ဧရာမပဒူကောင်များ အမေရိကန်တလွှားမှာ မင်းမူနေ

Twitter/ScientificAmerican

အမေရိကန်တလွှားမှာ လူသတ်ပဒူလို့ နာမည်ကြီးတဲ့ ပျားတူ(ပဒူ-ပတူ,ဟုလည်ခေါ်)အကောင်ကြီးမျိုးစိတ်ကို တွေ့ရှိခဲ့တာကြောင့် ဒေသခံတွေဟာ အတော်လေးကို ခြောက်ခြားတုန်လှုပ်နေကြပါတယ်။ ပဒူကောင်တွေဟာ အုပ်စုဖွဲ့ကာ အညှိုးအတေးနဲ့ တိုက်ခိုက်ရာမှာ အလွန်နာမည်ကြီးပါတယ်။

မကြာသေးခင်ကမှ ထိုင်းမှာ  (၅)နှစ်အရွယ် ကလေးနဲ့ အဖွားဖြစ်သူတို့ ပဒူအုပ်လိုက် အတုပ်ခံခဲ့ရပြီး၊ ကောင်လေး သေဆုံးခဲ့ရပါတယ်။ ဒီမတိုင်ခင်မှာလည်း နကျယ်နဲ့ပဒူကောင်တုပ်လို့ သေဆုံးခဲ့ရတဲ့လူတွေအကြောင်း သတင်းတွေမှာ မကြာခဏ တွေ့ဖူးမှာပါ။

ပျားတူ(Hornet)နဲ့ နကျယ်(Wasp)တို့ဟာ မျိုးစိတ်တစ်မျိုးတည်းမှ ဖြစ်ပါတယ်။ ပဒူကောင်က အကောင်ပိုကြီးပြီး၊ နကျယ်ကတော့ တစ်လက်မရဲ့ (၃)ပုံတစ်ပုံလောက်ပဲ ရှိပြီး အကောင်ငယ်ပါတယ်။ ပဒူမှာတော့ အကောင် သိသိသာသာ ကြီးပါတယ်။ တစ်ကောင်နဲ့တစ်ကောင် သဘောသဘာဝချင်းကတော့ ခြားနားမှုတွေ ရှိပါတယ်။

အခု အမေရိကန်မှာတော့ ပဒူသားပေါက်ရာသီ မတိုင်မီမှာ ဧရာမအကောင်ကြီးတွေကို တွေ့ရှိခဲ့တာကြောင့် ဒေသခံတွေကတော့ ဒီပဒူကောင်ကြီးတွေ ပြည်သူတွေကို ဒုက္ခမပေးခင်မှာ အမြန်နှိမ်နင်းထားသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။

ပဒူတစ်ကောင်လောက် တုပ်တာက တော်ရုံခံနိုင်ရည်ရှိသူအတွက် ကိစ္စမရှိပေမယ့်၊ ကောင်ရေအများကြီးနဲ့ အတုပ်ခံရရင်တော့ အသက်ရှင်ဖို့ မလွယ်ပါဘူး။ နှစ်စဉ် ပဒူတုပ်လို့ သေဆုံးသူဟာ (၅၀)ဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်။

မြောက်အမေရိကတိုက်၊ ဗြိတိန်ကိုလံဘီယာ တလွှားမှာ ခန္ဓာကိုယ်အရွယ်အစား အလွန်ကြီးတဲ့ ပဒူတွေကို စတင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက် (၂၀၁၉)ခုနှစ် သြဂုတ်လမှာ ကနေဒါ၊ အဲဒီနှစ် ဒီဇင်ဘာမှာ ဝါရှင်တန်တောင်ပိုင်းတို့မှာ ခပ်ကျဲကျဲ တွေ့လာခဲ့ရတာပါ။

ဝါရှင်တန်စိုက်ပျိုးရေးဌာန (WSDA)မှ ပဒူတွေကို ထောင်ခြောက်ဆင် ဖမ်းဆီးနေပြီး၊ ဇူလိုင်(၁၄)ရက်နေ့က Whatcom ကောင်တီ Birch Bay မှာတပ်ဆင်ထားတဲ့ ထောင်ချောက်မှာတော့ တစ်ကောင်ဖမ်းမိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ WSDA ရဲ့အဆိုအရ စက်တင်ဘာလလယ်လောက်မှာ ပဒူအသိုက်တွေက ဖျက်ဆီးနိုင်မယ်လို့ မှန်းဆထားကြောင်း သိရပါတယ်။

လင်းသူရိန်

SHARE