ဧရာမမိကျောင်းကြီးနဲ့ မျက်နှာချင်းဆိုင် အနီးကပ်တိုးခဲ့တဲ့ ရေငုပ်သမားရဲ့အဖြစ်

Gatorboy Chris / Instagram

သားရိုင်းတိရစ္ဆာန်ရေးရာ ဇီဝဗေဒပညာရှင် Christopher Gillette တစ်ယောက်ကတော့ နေရင်းထိုင်ရင်းနဲ့ ငါးပါးမှောက်မလို ဖြစ်ခဲ့ရပါတယ်။ သူဟာ ရေငုပ်နေတုန်းမှာ ဧရာမမိကျောင်းကြီးနဲ့ ပက်ပင်းတိုးခဲ့ရတာပါ။ မိကျောင်းကြီးနဲ့ သူဟာ တစ်ခါမှမရင်းနီးဖူးတဲ့ သူစိမ်းတွေဖြစ်သည့်အလျှောက် အဲဒီမိနစ်ပိုင်းဟာ အလွန်စိုးရွားတဲ့ အခိုက်အတန့်လေးပါတဲ့။

မိကျောင်းကြီးဟာ သူရဲ့ခန္ဓာကိုယ်အပေါ်က ကျော်လွှားပြီး၊ သူ့ကို တည့်တည့်ကြည့်ဖို့ စဉ်းစားမိခဲ့ပုံပါဘဲ။ ဒါပေမယ့် Gillette ကတော့ ကြောက်ရွံ့နေတဲ့ကြားက မိကျောင်းကြီးရဲ့လှုပ်ရှားမှုတွေကို ဗွီဒီယိုမှတ်တမ်း တင်နိုင်ခဲ့တဲ့ အာဂလူပါဘဲ။ သူဟာ ရေငန်မိကျောင်းတို့ ပျော်စံရာ၊ ဖလော်ရီဒါက Everglades Holiday Park မှာ ရေငုပ်ခဲ့တာပါ။

သူဟာ ရေကန်ရဲ့အောက်ခြေကြမ်းပြင်ကို ရောက်ချိန်မှာ မိကျောင်းကြီးနဲ့ ပက်ပင်းတိုးခဲ့ရတာ ဖြစ်ပါတယ်။ မိကျောင်းကြီးဟာ ခေါင်းပေါ်တည့်တည့်ကနေ ရှိနေရာက လူသားသတ္တဝါကို မျက်လုံးချင်းဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်ဦးသားဟာ နှာခေါင်းချင်း ထိလုမတက် အခြေအနေအထိ ရောက်ခဲ့ပါတယ်။

Gatorboy Chris / Instagram

အဲဒီအခိုက်အတန့်မှာ Gillette က အသက်ကို ရဲရဲမရှူရဲဘဲ (၂)မိနစ်လောက်ထိ အောင့်ထားရတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ဗွီဒီယိုဖိုင်ကို Gillette က ပရိသတ်(၁၆၂၀၀၀) ရှိတဲ့သူရဲ့လူမှုကွန်ရက်မှာ  ပြန်လည်မျှဝေခဲ့ရာ၊ ကြည့်ရှုသူ သန်းချီရှိခဲ့ပါတယ်။

မိကျောင်းကြီးနာမည်ကတော့ Casper ဖြစ်ပြီး၊ Gillette ရဲ့အဆိုအရ သူရဲ့လုပ်ဖော်ကိုင်ဘက်ပါတဲ့။ သူက “ ကျွန်တော် Casper နဲ့ အလုပ်တွဲလုပ်လာတာ (၁၂)နှစ် ရှိနေပါပြီ …သူ့အကြောင်းကို ကောင်းကောင်း သိပြီး သူဟာ အေးဆေးတည်ငြိမ်နဲ့ မိကျောင်းကြီးပါ … 

သူ့အကျင့်ကို ကျွန်တော် ကောင်းကောင်း သိပါတယ် … သို့ပေမယ့် တစ်ခြားလူတွေကို ပြောချင်တာက သူဟာ အရိုင်းသက်သက် ရှိပါသေးတယ် … နောက်ပြီး မိကျောင်းပါ အိမ်မွေးတိရစ္ဆာန် မဟုတ်ပါဘူး .. အခုလို စွန့်စားမှုမျိုးမလုပ်ဖို့ ခင်ဗျားတို့ကို သတိပေးချင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE