မိဘတွေ ဆုံးသွားခဲ့လို့ မွေးချင်း(၅)ယောက်ကို ရှာကျွေးနေရတဲ့ ကောင်မလေး

Twitter / CNYCentral

အစ်ကိုကြီး အဖအရာ၊ အစ်မကြီးတော့ အမိအရာဆိုတာ မိဘနှစ်ပါး ရှိနေချိန်မှာ သိပ်ပြီးတော့ တာဝန်မကြီးတဲ့ စကားတွေပါ။ မိဘနှစ်ပါး မရှိချိန်မှာတော့ ဒီကိစ္စဟာ စကားလေးတွေလောက်နဲ့ မလုံလောက်တော့ပါဘူး။ အသက်အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့ အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာ-ဖြစ်နေသူတွေအတွက်တော့ ဒီကိစ္စဟာ ကမ္ဘာတစ်ခုလုံးကို ထမ်းထားရတာနဲ့ တူပါလိမ့်မယ်။

အခုလည်း ကောင်မလေးတစ်ယောက်ဟာ မိဘနှစ်ပါးစလုံးက ကင်ဆာနဲ့ဆုံးသွားတော့ မွေးချင်းမောင်နှမတွေရဲ့ နိစ္စဒူဝတာဝန်တွေကို ထင်မှတ်မထားဘဲ ပခုံးပြောင်းယူခဲ့ရပါတယ်။ အဲဒီခက်ခဲတဲ့တာဝန်တွေကို စတင်ယူဆောင်ခဲ့ရချိန်က သူမဟာ အသက်(၁၇)နှစ်သာရှိပါသေးတယ်။ အခုတော့ သူမဟာ အသက်(၂၁)နှစ် ရှိနေပါပြီ။

သူမ နာမည်ကတော့ Samantha Rodriguez ဖြစ်ပြီး၊ အမေရိကန် ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့မှာ နေထိုင်ပါတယ်။ မိဘတွေ ဆုံးသွားတော့ အနီးအနားပတ်ဝန်းကျင်မှာ ဆွေမျိုးသားချင်းတွေကလည်း မရှိတဲ့အတွက် သူမမှာ အားကိုးစရာ မရှိခဲ့ပါဘူး။ ဒီတော့ ဒီတာဝန်တွေကို ခါးစည်းခံခဲ့ရတာပါ။

သူမရဲ့ မွေးချင်းတွေကတော့ Milagros (၁၆)နှစ်၊ Brenda (၁၅)နှစ်၊ Michael (၁၂)နှစ်၊ Bella (၉)နှစ်၊ အငယ်ဆုံးက  Destiny (၇)နှစ်တို့ ဖြစ်ပါတယ်။ ထိုစဉ်က သူမကိုယ်တိုင်က ကလေးဖြစ်နေပေမယ့်၊ ညီမတွေ မောင်တွေနဲ့ယှဉ်ရင် သူမက လူကြီးဖြစ်နေပြီမို့၊ လူကြီးလိုအပ်နေတဲ့ အိမ်မှာ လူကြီးလုပ်ခဲ့ရတာလို့ ပြောပါတယ်။

 

မိခင် Lisa Smith ကတော့ (၂၀၁၄)မှာ သားအိမ်ခေါင်းကင်ဆာနဲ့ ကွယ်လွန်ခဲ့ပြီး၊ (၂၀၁၆)မှာ ဖခင် Alexander Rodriguez က Lymphoma နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကလေးတွေအတွက် ချက်တာပြုတ်တာတွေ၊ ကျောင်းကြို/ပို့ ကိစ္စတွေ၊ နေမကောင်းလို့ ဆေးခန်း/ဆရာဝန် ပြတဲ့အခါတွေမှာ သူမက လူကြီးတစ်ယောက်အဖြစ် လိုက်နေရပါတယ်။

သူမဟာ Part-Time Study ကို ပြောင်းလိုက်ပြီး၊ ကိုယ့်အတွက် အိမ်စာတွေ လုပ်စရာရှိတာ လုပ်ရသလို၊ ကျန်တဲ့အချိန်က မိသားစုကို ထောက်ပံ့ဖို့ စားပွဲထိုး ဝင်လုပ်ရပါသေးတယ်။ ဘဝရပ်တည်ရေးဟာ သိပ်ပင်ပန်းပေမယ့်၊ ဒီလို ကြမ်းတမ်းတဲ့ လောကဓံတွေကို ရင်ဆိုင်ဖို့ မိခင်ဆီက ခွန်အားတွေ ရခဲ့ပါသတဲ့။

 

မိခင်ဆုံးသွားတော့ သူမရဲ့ အထူးစံပြပုဂ္ဂိုလ်ဖြစ်တဲ့ မိခင်အတိုင်း ကလေးတွေကို စောင့်ရှောက်နိုင်ရမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ မိဘတွေ နေမကောင်းဖြစ်ကတည်းက ကျောင်းထွက်လိုက်ပြီး၊ မိဘတွေကို ပြူစုခဲ့ရသူက အခုဆိုရင် ဒီပလိုမာတစ်ခုတော့ ရနိုင်တော့မှာပါ။ နောက် ကလေးတွေကိုလည်း ကျောင်းကောင်းကောင်းတက်ပြီး ပညာကောင်းကောင်း သင်စေချင်တယ်လို့ ပြောပါတယ်။

သူမက “ အထက်တန်းကျောင်းကနေပြီးလို့ ကောလိပ်တက်ခဲ့ရတဲ့ လူတွေအကြောင်းကို ကျွန်မ မသိပါဘူး .. ကိုယ်က ဒီလမ်းကြောင်းက သွေဖယ်ခဲ့တဲ့အတွက် ဒါတွေက ကိုယ့်အတွက်တော့ တကယ်ခက်ခဲပါတယ် .. ကျွန်မ ရိပ်စားမိတာက ကိုယ့်ကလေးတွေကို ဒီလိုအခြေအနေတွေ ဖြစ်အောင်ထားဖို့ပါဘဲ … ”လို့ ပြောခဲ့ပါတယ်။

လင်းသုတ

SHARE