အသက်အငယ်ဆုံး ပရိုဖက်ရှင်နယ် ကြေးစား Go Player ဖြစ်လာတဲ့ (၁၀) နှစ်သမီးလေး

youtube/ KyodoNews

လက်ရှိမှာ (၄) တန်းတက်နေတဲ့ ဆူမီရယ်နာကာမူရာဆိုသူ ကောင်မလေးဟာ ဂျပန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ပရိုဖက်ရှင်နယ် Go ကစားသမားတစ်ဦး ဖြစ်လာပြီလို့ kyodonews သတင်းစာမျက်နှာအရ သိရပါတယ်။ နာကာမူရာဟာ ပြီးခဲ့တဲ့ ဧပြီလ(၁) ရက်နေ့တုန်းက ဂျပန်ရဲ့ Go player တစ်ယောက်အဖြစ် အနိမ့်ဆုံးကစားသမားအဆင့် shodan ကို တရားဝင် ရရှိတဲ့အချိန်မှာ (၁၀) နှစ်ပဲ ရှိပါသေးတယ်။

ဂျပန်နိုင်ငံရဲ့ Go အဖွဲ့အစည်းကတော့ နာကာမူရာဟာ ရီနာဖူဂျီဆာဝါကို ကျော်ဖြတ်ပြီး အသက်အငယ်ဆုံး ပရိုဖက်ရှင်နယ် Go ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလို့ ဆိုပါတယ်။ ရီနာဖူဂျီဆာဝါကတော့ အသက်(၁၁) နှစ်နဲ့ (၆) လအရွယ်မှာ shodan အဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

READ
ပျောက်သွားတဲ့ခွေးလေးကို အလုပ်ထွက်ပြီး မရမကလိုက်ရှာခဲ့တဲ့ အမျိုးသမီး

နာကာမူရာက “Go ပြိုင်ပွဲတွေ သွားရတာ ကျွန်မအရမ်းပျော်ပါတယ်။ ကျွန်မအထက်တန်းကျောင်းတက်နေတုန်း နာမည်ကောင်းလည်း လိုချင်ပါတယ်…” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။ သူမဟာ ယုတာအီရာမာအမည်ရှိတဲ့ Go ကစားသမားကို အားကျတယ်လို့ ဆိုပါတယ်။ ယုတာအီရာမာကတော့ ဂျပန်Go ကစားနည်းမှာ ထူးချွန်ဆင့်(၇) ဆင့်လုံးကို နှစ်ကြိမ်တိုင် ရရှိထားပြီးဖြစ်ပြီး အစိုးရရဲ့ပြည်သူ့ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

နာကာမူရာဟာ တရုတ်၊ တောင်ကိုရီးယားက ကစားသမားတွေနဲ့ ယှဉ်ပြိုင်ဖို့ အထူးလေ့ကျင့်သင်ကြားပေးနေတဲ့ ပရိုဖက်ရှင် Go ပရိုဂရမ်တွေမှာလည်း တက်ကြွစွာ ပါဝင်နေသူ ဖြစ်ပါတယ်။ နာကာမူရာရဲ့ ဖခင်ကတော့ အဆင့်(၉) ရှိတဲ့ပရိုဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်ကာ နာကာမူရာဟာ(၃) နှစ်သမီးအရွယ်တည်းက boardgame တွေကို ဆော့လာတာ ဖြစ်ပါတယ်။

READ
ဧည့်သည်တွေဆီက ပန်းခြံဝင်ခ မကောက်ရဲလို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ ဝန်ထမ်းအဖိုးအို

တိုကျိုဇာတိဖြစ်တဲ့ နာကာမူရာဟာ ဂျပန်ရဲ့ အပြည်ပြည်ဆိုင်ရာ Go ပြိုင်ပွဲတွေထဲမှာလည်း ပါဝင်ခဲ့သူပါ။ နာကာမူရာဟာ ပြိုင်ဖက်တွေအပေါ်ကို အမြဲတမ်း စူးရှရှအကြည့်တွေနဲ့ ကြည့်ပြီး ယှဉ်ပြိုင်လေ့ရှိပါတယ်။ သူမရဲ့ နည်းပြကတော့ နာကာမူရာဟာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်တဲ့အပြင် သူမထက် ပိုသန်မာတဲ့ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရတာကိုလည်း နှစ်သက်ကြောင်း ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE