သြစတြေးလျတိုက်မှာပဲ တွေ့ရမယ့် ရွှေရောင် ပင့်ကူမျှင်တွေနဲ့ ဧရာမပင့်ကူကြီးများ

Reddit/robstanley72

သြစတြေးလျနိုင်ငံမှာ ကြောက်စရာကောင်းပြီး အဆိပ်ပြင်းတဲ့ တိရစ္ဆာန်တွေများစွာရှိတယ်ဆိုတာ လူတိုင်းနီးပါးသိကြမှာပါ။ အခုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဧရာမ Golden Orb Spider ပင့်ကူကြီးတစ်ကောင်ကို ကွင်းစလန်းပြည်နယ် အရှေ့တောင်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။

Reddit ၀က်ဆိုက်က  ပင့်ကူကြီးရဲ့ပုံကို ဆိုရှယ်မီဒီယာပေါ်တွေ့မြင်လိုက်ပြီးနောက်မှာတော့ တကယ့်ကို monster ကောင်ကြီးပဲဆိုပြီး လူတွေအားလုံး ထိတ်လန့်ခဲ့ကြပါတယ်။

horror ရုပ်ရှင်ကားတွေထဲကလို ဘယ်အချိန်များ ဒီကောင်ကြီး ငါ့တို့အိမ်ထဲ ရောက်ချလာမလဲဆိုပြီး မအီမသာဖြစ်နေကြပုံပါပဲ။  တကယ်တော့ ဒီအကောင်ကြီးဟာ အရွယ်အစားက ကြောက်စရာကောင်းအောင်ကြီးမားနေတာလွဲလို့ လူတွေကို အသက်သေလောက်အောင် အန္တရာယ်ရှိတဲ့အဆိပ်ပြင်း အကောင်ကြီးမဟုတ်ပါဘူး။

Reddit/robstanley72

ဒါပေမယ့် အကိုက်ခံရရင်တော့ အနည်းငယ်နာကျင်တာ၊ ထုံတာ၊ ယောင်တာ၊ မူးမော်ပြီးအန်ချင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အရွယ်အစားကိုကြည့်ရင်တော့ တွေ့တဲ့လူတွေ ကြောက်ဒူးတုန်ဖို့ လုံလောက်တဲ့ အရွယ်အစားပါ။

ဒီမျိုးစိတ်ပင့်ကူတွေဟာ ချွဲကျိကျိပင့်ကူမျှင်တွေထုတ်ပြီး ယင်ကောင်၊ပိုးတောင်မာ၊ ကျိုင်းကောင်၊ သစ်သားပိုးနဲ့ပုစဉ်းရင်ကွဲတွေကို ဆွဲယူတာဖြစ်ပါတယ်။ ငှက်အသေးစားတွေနဲ့ လင်းနို့တွေကိုလည်း ပင့်ကူအိမ်ထဲဆွဲယူ စားသုံးကြပါတယ်။

ပင့်ကူအထီးတွေက အမရဲ့ပင့်ကူအိမ်အစွန်းနားတွေမှာ နေထိုင်လေ့ရှိပြီး မိတ်လိုက်ဖို့အခွင့်လမ်းကိုစောင့်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံကိုကြည့်ရင် ပင့်ကူအိမ်အလယ်လောက်မှာ ရှိနေတာမို့ ဒီပင့်ကူက အမဖြစ်နိုင်တယ်လို့ Australian Museum ကဆိုပါတယ်။

Wikimedia Commons

Reddit ၀က်ဆိုက်မှာ ပင့်ကူရဲ့ပုံတွေပျံ့နှံ့သွားပြီးနောက်မှာတော့ လူတော်တော်များများက သူတို့နဲ့တွေ့ခဲ့တဲ့အတွေ့အကြုံတွေကို  ၀ိုင်းဝန်းဝေမျှခဲ့ကြပါတယ်။

တစ်ယောက်က ပြီးခဲ့တဲ့ (၂)နှစ်လောက်က Cape Hillsborough အမျိုးသားပန်းခြံမှာ လေ့ကျင့်ခန်းလုပ်နေတုန်း အဲ့ဒီပင့်ကူအိမ်ကို ခေါင်းနဲ့ထိမိလို့ ၊ခေါင်းပေါ်ရောက်လာတယ်အထင်နဲ့ တွေ့တဲ့ချုံပုတ်ကို ခေါင်းနဲ့အတင်းပွတ်ခဲ့ရတယ်။ အဲဒီအချိန်ကအရမ်းကို ထိတ်လန့်ခဲ့တာ၊ ဘ၀မှာ ဒီလောက်တစ်ခါမှမကြောက်ဖူးခဲ့ဘူလို့ပြောပါတယ်။

နောက်တစ်ယောက်ကလည်း လမ်းပေါ်မှာ သူငယ်ချင်းနဲ့ဘောလုံးကန်နေရင်း ဘောလုံးကလမ်းကြားဘက်ကိုလွင့်သွားတယ်။ အမြန်ပြေးကောက်ရင်း golden orb ပင့်ကူကို သွားထိမိတာ၊ ဘာမှမမြင်တော့ဘဲ ပြေးဖို့ပဲသိတော့တယ်လို့ ဝေမျှခဲ့ကြပါတယ်။

Khaing Sandar

SHARE