ပုံရက်သားလဲကျသွားတဲ့ သခင်ကို အရေးပေါ်ကားခေါ်ပြီး အသက်ကယ်ခဲ့တဲ့ ခွေးလေး

Golden Retriever အမျိုးအစား ခွေးလေးတစ်ကောင်ဟာ သတိမေ့ပြီးလဲကျသွားတဲ့ ပိုင်ရှင်ရဲ့ အသက်ကို အရေးပေါ်ကားခေါ်ပြီး အသက်ကယ်တင်ခဲ့ပါတယ်။ ခွေးပိုင်ရှင်ဟာ တရုတ်နိုင်ငံ ရှန်စီပြည်နယ် ယန်ချန်းမြို့က လမ်းကြားလေးတစ်ခုထဲမှာ လဲကျသွားခဲ့တာပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ၄င်းဖြစ်ရပ်မှာတော့ ခွေးလေးတစ်ကောင်ဟာ လမ်းလယ်ခေါင်မှာ ရပ်ပြီး အရေးပေါ်ကားကို စောင့်ဆိုင်းနေတာကို ဗီဒီယိုထဲတွေ့ရမှာဖြစ်ပါတယ်။ ခွေးလေးက ရှေ့ကနေ ပြေးပြီး ကားကို သူ့နောက် လိုက်ခဲ့ဖို့ခေါ်နေဟန်နဲ့ ခဏခဏနောက်ကို လှည့်ကြည့်ပြီး ပြေးနေတာကို မြင်ရတာ ဖြစ်ပါတယ်။

ကြက်ခြေနီတစ်ဦးဖြစ်သူ ကျန်းရှုက “ကျွန်တော်တို့ကား နောက်က ပါလား၊ မပါလားဆိုတာ သူက နောက်လှည့်ကြည့်သေးတယ်။ ကားလဲ သူ့နောက်လိုက်လာတာ သိရော၊ သုတ်ခြေတင်ပြီး ရှေ့က ပြေးသွားတော့တာပဲ..” လို့ ဆိုပါတယ်။ ထို့နောက်မှာတော့ သစ္စာရှိတဲ့ ခွေးလေးဟာ လူအုပ်ကြီးတစ်အုပ်ဆီ အရေးပေါ်ကားကို ခေါ်လာနိုင်ခဲ့ပါတယ်။ ခွေးလေးရဲ့ သခင်ကတော့ သတိမေ့လဲကျနေပြီး သူ့နားမှာတော့ လူတွေ ၀ိုင်းနေတာဖြစ်ပါတယ်။

READ
Hero ပေါင်းများစွာကို အသက်သွင်းခဲ့သူ, Marvel ရဲ့ ပဲ့ကိုင်ရှင် Stan Lee ကွယ်လွန်

ခွေးပိုင်ရှင်ဟာ ၄င်းရဲ့ အိမ်နီးချင်းအိမ်က ပုလင်းတွေကို လိုက်ကောက်အပြီး လမ်းကြားလေးထဲအရောက် ရုတ်တရက် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ သိရတာက လဲကျသွားတဲ့ ခွေးပိုင်ရှင်ဟာ အရက်အလွန်အကျွံ သောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခုဆိုရင်တော့ ခွေးလေးရဲ့ ကျေးဇူးနဲ့ ပိုင်ရှင်က ဆေးရုံမှာ ဆေးကုသမှုခံယူနေပါပြီ။ ၄င်းဖြစ်ရပ်ကို ဆိုရှယ်မီဒီယာပေါ်မှာ တွေ့မြင်ကြသူအပေါင်းတို့ကတော့ ခွေးကလေးရဲ့ သစ္စာစောင့်သိမှုကို ချီးကျူးနေကြပါတယ်။

“ခွေးက ဘယ်လိုဖြစ်ပြီး အရေးပေါ်ကားခေါ်ရမှန်း သိတာလဲ.. အံ့သြဖို့ ကောင်းလိုက်တာ..” စတဲ့ ကွန်းမန့်တွေနဲ့အတူ “ဥာဏ်ကောင်းလွန်းတဲ့ ခွေးလေး..” လို့ပြီး ချီးမွမ်းနေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း တရုတ်နိုင်ငံ မြောက်ပိုင်း ဟေးလွန်းကျန်းပြည်နယ်မှာ ခွေးလေးတစ်ကောင်ဟာ လမ်းပေါ်မှာ လဲကျနေတဲ့ သခင်နားကနေ ဘယ်မှထွက်မသွားပဲ ပေကပ်ပြီးစောင့်နေတဲ့ သတင်းတစ်ပုဒ်ကိုလည်း ကြားခဲ့ရပါသေးတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE