တစ်နေ့လုံးရေသောက်ရမှာ မေ့နေသူတွေအတွက် စမ်းကြည့်သင့်တဲ့ အချက်လေးများ

Pexels/rawpixel.com

လူတွေမှာ လုံလောက်တဲ့ ရေဓာတ်သာ မရဘူးဆိုရင် ခန္ဓာကိုယ်ထဲက ဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေဟာ ကောင်းကောင်းအလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေတဲ့အခါ အသားအရည်ကို ကြည်လင်းဝင်းပစေတဲ့အပြင် အရိုးအဆစ်တွေကိုလည်း ကျန်းမာစေပါတယ်။ ဒါကြောင့် ရေကို မမေ့မလျော့ သောက်သုံးမိအောင် ဘယ်လိုနည်းလမ်းတွေကို အသုံးပြုပြီး ကိုယ့်ကိုကိုယ်သတိပေးမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ရေဘူးမှာ အမှတ်အသားလေးတွေ မှတ်သားပါ

တစ်ကယ်လို့ တစ်နေ့တာလုံးမှာ ကိုယ်သောက်သုံးမယ့် ရေပမာဏနဲ့ ပတ်သက်လို့ အလွယ်တကူမှတ်သားချင်တယ်ဆိုရင်တော့ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ ဥပမာပြောရရင် မနက် () နာရီ၊ နေ့လည်ခင်း၊ ညနေ() နာရီ ၊ ည() နာရီစသဖြင့် အပိုင်းပိုင်းခွဲပြီးတော့ ဘယ်အချိန်မှာဆိုရင် ဘယ်လိုင်းတိုလေးထိ သောက်ရမယ်ဆိုပြီး ကိုယ်သောက်ရမယ့် ပမာဏကို ရေဘူးပေါ်မှာ မှတ်သားနိုင်ပါတယ်။ တစ်ချို့ရေဘူးတွေမှာဆိုရင်တော့ အသင့်မှတ်သားပြီးသား လိုင်းတိုအမှတ်အသားလေးတွေ ပါဝင်တတ်ပါတယ်။

Pixels/Pixabay

အနံ့အရသာရှိအောင် ပြင်ဆင်ပါ

ရေရဲ့ အရသာဟာ ဖွယ်ပြီး အရသာမဲ့ပါတယ်။ ဒီအတွက် ရေများများသောက်ချင်လာအောင် ကိုယ့်ကိုကိုယ် ဆွဲဆောင်တဲ့အနေနဲ့ ဖရဲသီးစိတ်လေးတွေ၊ လိမ္မော်သီးစိတ်လေးတွေ၊ သံပရိုသီးလေးတွေ စိတ်ပြီး ထည့်သောက်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အသီးလေးတွေကို ခဲပြီး ရေခဲတုံးအဖြစ်နဲ့လည်း ရေထဲ ထည့်သောက်နိုင်ပါသေးတယ်။

ရေဓာတ်ပါဝင်မှူများတဲ့ အစားအသောက်တွေကို စားသောက်ပါ

တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေသောက်သုံးနိုင်သလို ရေဓာတ်ပမာဏပါဝင်မှူများတဲ့ သီးနှံတွေကိုလည်း မှီဝဲလို့ရပါတယ်။ ဥပမာ သခွားသီး၊ ဆလပ်ရွက်၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ဂရိတ်ဖုသီး၊ ဆီးသီး၊ စပျစ်သီး၊ ချယ်ရီသီး၊ ပန်းကော်ဖီ၊ မုန်လာဥ၊ နံနံပင်၊ ဟင်းနုနွယ်၊ ပန်းစိမ်း၊ ခရမ်းချဉ်သီး၊ ခရမ်းသီးနဲ့ ငရုတ်ပွသီး စတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်။ ဈေးကွက်မှာ ထုတ်ပိုးရောင်းချနေတဲ့ အသင့်စားမုန့်ထုတ်တွေ၊ အာလူးကြော်တွေထက်စာရင်တော့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ရေဓာတ်ပမာဏပါဝင်မှူဟာ ပိုများတာကြောင့် ကျန်းမာရေးအတွက်လည်း အကျိုးရှိစေပါတယ်။

Pixels/Pixabay

ထမင်းစားတိုင်း ရေတစ်ဖန်ခွက် အပြည့်သောက်ပါ

တကယ်လို့ သင်ဟာ ရေဘူးကို တစ်နေ့လုံး မသယ်သွားချင်ဘူးဆိုရင်တော့ ထမင်းစားတဲ့အချိန်တိုင်းမှာ အနည်းဆုံး ဖန်ခွက်ရှည်နဲ့ ရေတစ်ခွက် အပြည့်လောက်တော့ ရအောင် သောက်သင့်ပါတယ်။ ထမင်းမစားခင် ရေသောက်တာကတော့ အစားကို အလွန်အကျွံမစားသုံးမိအောင် ထိန်းသိမ်းပေးနိုင်တဲ့အပြင် အစာချေဖျက်တဲ့အခါမှာလည်း အထောက်အကူဖြစ်စေပါတယ်။

ရေအိမ်သွားပြီးတဲ့အခါတိုင်း ရေတစ်ဖန်ခွက် သောက်ပေးပါ

ရေအိမ်တက်ပြီးတဲ့အခါတိုင်း ရေပြန်သောက်တတ်တဲ့ အကျင့်ဟာ ကောင်းမွန်တဲ့ အကျင့်ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း အလုပ်ထဲရောက်နေတဲ့အခါ အလုပ်ကိစ္စတစ်ခုပြီးတိုင်း ရေသောက်ပေးတာစတဲ့ အကျင့်လေးတွေကို ပျိုးထောင်ပေးသင့်ပါတယ်။ ဒီလိုအလေ့အကျင့်သေးသေးမွှားမွှားလေးတွေဟာ အချိန်ကြာလာတဲ့အခါ ကိုယ့်ကို ရေပိုသောက်မိအောင် အမြဲတမ်းသတိပြုမိစေမှာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE