ပျော်ရွှင်တဲ့ခရီးစဉ်လေးတစ်ခု ဖြစ်ဖို့ လိုက်နာသင့်တဲ့ အကြံကောင်းလေးများ

Instagram/travelandleisure

နေရာတိုင်းလိုလိုမှာ ရိုးသားသူတွေရှိသလို မရိုးသားသူတွေလည်း ရှိပါတယ်။ အချို့မရိုးသားသူတွေကတော့ နိုင်ငံခြားသားတွေ့တာနဲ့ ဘယ်လိုအမြတ်ထုတ်လိုက်မလဲပဲ စိတ်ကူးနေကြတာပါ။ အထူးသဖြင့် ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာဒေသအသစ်တစ်ခုဆီ ရောက်သွားတဲ့အခါ ကိုယ်ဟာ မရိုးသားတဲ့ဒေသခံတွေရဲ့ သားကောင် ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ပျော်ရွှင်တဲ့ခရီးစဉ်လေး တည်ဆောက်နိုင်ဖို့ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို သတိပြုမှတ်သားရန် တိုက်တွန်းလိုက်ရပါတယ်။

Instagram/pilotsergi94

မနက်ပိုင်းလေယာဉ်စီးပါ

မိုးကြိုးပစ်တာ၊ မိုးသက်မုန်တိုင်းကျတာတွေဟာ နေ့လည်ခင်းတွေနဲ့ ညနေပိုင်းတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် လေယာဉ်ငြိမ်ငြိမ်လေး စီးချင်တယ်၊ စိတ်သက်သက်သာသာနဲ့ စီးချင်တယ်ဆိုရင်တော့ မနက်ခင်းထွက်မယ့် လေယာဉ်တွေကိုပဲ ရွေးချယ်ပါ။

အရေးပေါ်သုံးပိုက်ဆံကို ၀ှက်ထားပါ

အရေးပေါ်ငွေ သို့မဟုတ် ဘဏ်ကဒ်တွေကို လူတွေ အလွယ်တကူမသိနိုင်တဲ့ နေရာမှာ ၀ှက်ထားသင့်ပါတယ်။ မမျှော်လင့်ပဲ အရေးကြုံလာရင် သုံးလို့ရနိုင်အောင်ပါ။

Instagram/sarongsocialclub

ခြုံထည်ပုဝါ မပါမဖြစ် ယူသွားပါ

အမျိုးသမီးတွေအတွက်ကတော့ ခြုံထည်ပုဝါတွေဟာ တော်တော့်ကို အသုံးဝင်ပါတယ်။ ခါးမှာပဲ ပတ်မလား၊  နေရောင်ကာဖို့ ခေါင်းမှာပဲပတ်မလား၊ လည်စီးပုဝါပဲ လုပ်မလား စသဖြင့် အမျိုးမျိုး သုံးလို့ရပါတယ်။ ဘာသာရေးအဆောက်အုံတွေရောက်လို့ ကိုယ်ဝတ်ထားတဲ့ အင်္ကျီ၊ ဘောင်းဘီ၊ စကတ်က တိုနေရင်လည်းပဲ ပုဝါပတ်ပြီး ၀င်ထွက်လို့ ရနိုင်ပါသေးတယ်။

READ
2D ကမ္ဘာထဲ ရောက်သွားသလို ခံစားသွားရစေမယ့် ဂျပန်နိုင်ငံက ကော်ဖီဆိုင်လေး

စောစောထပါ

ခရီးတစ်နေရာသွားရင် စောစောထပြီး အပြင်စောစောထွက်လည်တာက အကောင်းဆုံးပါပဲ။ မနက်ခင်းအချိန်ဟာ ဓာတ်ပုံရိုက်လို့ကောင်းတဲ့အချိန်လည်း ဖြစ်ပါတယ်။ လူသွားလူလာ ကျဲသေးတဲ့အတွက် ဘယ်နေရာသွားသွား သွားလာလို့ အရမ်းကောင်းတဲ့ အချိန်ပါ။

Instagram/gojojojojogoh

ဒေသစာတွေကို စားပါ

နေရာဒေသသစ်တစ်ခုရောက်တဲ့အခါ ထိုနေရာမှာ ကျော်ကြားတဲ့ ဒေသစာဆိုင်တွေကိုတော့ ရောက်ခဲ့သင့်ပါတယ်။ ထိုဆိုင်တွေမှာတော့ ပိုလည်း ဈေးသက်သာသလို အရသာအစစ်အမှန်ကိုလည်း တကယ်မြည်းစမ်းခွင့်ရမှာပါ။

ခရီးသွားမယ့် အချိန်ကို ရွေးပါ

ကျောင်းပိတ်ရက် အားလပ်ရက်ခရီးစဉ်တွေဆိုတာ ကလေးရှိတဲ့မိသားစုတွေနဲ့ပဲ ကိုက်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ကျောင်းတက်နေတဲ့အရွယ် ကလေးမရှိဘူးဆိုရင်တော့ ကျောင်းပိတ်ရက်တွေကို ရှောင်ပြီး သွားတာ ပိုကောင်းပါတယ်။ လူလည်း မရှုပ်သလို နားအေးပါးအေးနဲ့ ပတ်ဝန်းကျင်အလှကို ခံစားနိုင်မှာဖြစ်ပါတယ်။

အလကားလို့ဆိုတိုင်း မယုံလိုက်ပါနဲ့

သင့်အနေနဲ့ လမ်းမပေါ်မှာ လက်ရာတော်တော်ကောင်းကောင်းနဲ့ ရေးဆွဲနေတဲ့ ပန်းချီဆရာတွေကို တွေ့ဖူးမှာပါ။ ဒါပေမယ့် သတိတော့ထားရပါမယ်။ တစ်ခါတစ်လေ သူတို့တွေက သူတို့နဲ့ ဓာတ်ပုံတွဲရိုက်ချင်ရင် ရိုက်လို့ရပါတယ် ပြောပြီး ဓာတ်ပုံရိုက်ပြီးတော့မှ ပိုက်ဆံပေးရမယ်ဆိုပြီး လုပ်တတ်တာမျိုးပါ။ တစ်ချို့ကျတော့လည်း နိုင်ငံခြားသားမြင်ရင် အုပ်စုနဲ့ နှိပ်စက်တတ်ပါတယ်။ ဥပမာ ခင်မင်မှုအထိမ်းအမှတ်အဖြစ် လက်ပတ်လေးတွေကို အလကားပေးနေတာဆိုပြီး အတင်းလက်မှာ လိုက်ပတ်၊ ပြီးတော့ ပိုက်ဆံတောင်း၊ ကိုယ်က အင်တင်တင်လုပ်နေရင် သူ့အုပ်စုကိုပါ ခေါ်ပြီး လူကိုကြောက်အောင် ခြောက်တဲ့သဘောမျိုးပါ။ ဒါကြောင့် ကိုယ့်လက်မှာ ဘာချည်ပေးမယ်၊ ညာချည်ပေးမယ်၊ အလကားပါလို့ ဆိုတိုင်း မယုံလိုက်ပါနဲ့။ ဘူးခါပြီးသာ ငြင်းလိုက်ပါ။

READ
ခရီးသွားဝါသနာထုံသူများ တကူးတကသွားသင့်တဲ့ ရင်သက်ရှုမောဖွယ်နေရာများ

ပျော်ရွှင်တဲ့ ခရီးစဉ်လေးရဖို့အတွက်ကတော့ စိတ်လွတ်ကိုယ်လွတ်ဖြစ်ဖို့သာ အရေးကြီးတာပါပဲ။ မစားဘူးသေးတဲ့ အစားအသောက်တွေစားမယ်၊ မလုပ်ဖူးသေးတဲ့ အရာတွေကိုလုပ်မယ်၊ လူသစ်တွေနဲ့ စကားပြောကြည့်မယ်၊ ဒါတွေကို လုပ်ကြည့်သင့်ပါတယ်။ ခရီးထွက်နေတဲ့အခိုက်လေမှာ စိတ်ကို ဖွင့်ဟထားပြီး အချိန်တိုင်းကို ပျော်ရွှင်စွာနေမယ်ဆိုရင်တော့ သင့်ခရီးစဉ်လေးဟာ ဘ၀မှာ အမှတ်ရစရာ ခရီးစဉ်တစ်ခု ဖြစ်နေတော့မှာ အမှန်ပါပဲ။

လင်းလင်း (ShweMom)

SHARE