မိုးသည်းမပြိုမှုကြောင့်နေအိမ်များပျက်စီးကာ သားအဖလေးဦးသေဆုံးခဲ့တဲ့အဖြစ်ဆိုး

express.co.uk

ဂွါတီမာလာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအနှံ့အပြားမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး၊ တစ်ချို့ဒေသတွေမှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း Daily Mail မှ သိရပါတယ်။ ဒေသတစ်ခုမှာတော့ ဆိုးရွားလွန်းတဲ့ မြေပြိုမှုဖြစ်ပေါ်ခဲ့ပြီး၊ သားအဖ(၄)ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူတွေကတော့ ဖခင်ဖြစ်သူ Francisco Mejia Lux (၃၉)နှစ်နဲ့၊ အသက်(၁၀-၆-၃)အသီးသီးကို ရောက်နေကြတဲ့ သူရဲ့ကလေး(၃)ယောက်ဖြစ်ကြောင်း သိရပါတယ်။ အခင်းဖြစ်ခဲ့ရာနေရာကတော့ Aguacatan ခရိုင်အတွင်းက Xenaxicul အမည်ရ ကျေးရွာမှာဖြစ်ပြီး၊ မနက် (၆.၃၀)နာရီလောက်မှာ မြေပြိုခဲ့တာလို့ သိရပါတယ်။

သေဆုံးသူရဲ့ နေအိမ်ဟာကြီးမားလှတဲ့ မြေကျွံပေါက်ကြီးထဲမှာ ပါသွားခဲ့ပါတယ်။ မိသားစုဝင်(၂)ဦးကတော့ မြေပြိုမှုနဲ့လွတ်ကင်းရာ နေအိမ်ပြင်ပမှာ ရောက်နေခဲ့ပါတယ်။ အသက်(၁၆)နှစ်အရွယ် ကောင်လေးကတော့ အိမ်အပြင်မှာ ရှိနေစဉ် မြေပြိုတာဖြစ်ပြီး၊ သူ့ကို သက်ဆိုင်ရာက ကယ်တင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ဆေးရုံမှာ စိုးရိမ်ရအနေအထားလို့ သိရပါတယ်။

express.co.uk

သေဆုံးတဲ့ဖခင်နဲ့အတူ သားသုံးယောက်ဖြစ်တဲ့ Feliciano, Fredy Gaspar နဲ့ Enzo Arael တို့ ပါသွားခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ မြေပြိုမှုဖြစ်ခြင်းဟာ မိုးသည်းထန်မှုကြောင့် မြေသားတွေပျော့အိသွားကြောင်း၊ ဒါကြောင့် မြေပြိုမှုအလွယ်တကူ ဖြစ်ရတာလို့ထုတ်ပြန်ခဲ့ပါတယ်။

အခင်းဖြစ်ရာနေရာကို ဒေသခံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက်ကူညီရေးအဖွဲ့အစည်းတွေ အမြန်ရောက်လာခဲ့ပြီး၊ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တာပါ။ သို့သော်လည်း Mejia တို့ သားအဖတစ်စုကိုတော့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်တွေပဲ ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဂွါတီမာလာမှာ ယခုနှစ် မိုးရာသီမိုးသည်းထန်မှုကြောင့် (၁၂)ဦးသေဆုံး၊ (၁၅)ဦး ဒဏ်ရာရခဲ့ပါတယ်။

တိုင်းပြည်ရဲ့(၁၃)ပြည်နယ်မှာ အရေးပေါ်အခြေအနေတွေ ကြေညာခဲ့ရပါတယ်။ ဂွါတီမာလာမှာ မေလကစပြီး မိုးတွေ မကြာခဏ သည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ သို့သော်လည်း လာမယ့်အပတ် အနည်းငယ်လောက်မှာ မိုးရာသီကုန်ဆုံးတော့မယ်လို့ သက်ဆိုင်ရာက ခန့်မှန်းထားပါတယ်။

လင်းဇော်ကို

SHARE