(၄၉)လက်မအရွယ်အစား ဧရာမတီဗွီကြီးကို အလစ်သုတ်ပြေးလို့ အဖမ်းခံလိုက်ရတဲ့ ကိုဂျပန်

amazon.com

ဂျပန်နိုင်ငံ၊ ဖူကူအိုကာပြည်နယ်မှာ အမျိုးသားတစ်ယောက်ဟာ (၁၂)ကီလို အလေးချိန်ရှိတဲ့ အရွယ်အစား (၄၉)လက်မတီဗွီကြီးကို ခိုးယူခဲ့လို့ သူ့ကို ရဲက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အခိုးခံရတဲ့ ဆိုင်ထဲမှာ ဒီထက် အရွယ်အစား ငယ်ငယ်တီဗွီလေးတွေ ရှိပေမယ့် သူက လောဘကို အတော်ကြီးလို့ပါ။ ဒီသတင်းကိုတော့ Nishinippon Shimbun, Hachima Kiko  စတဲ့ နာမည်ကြီး ဂျပန်သတင်းစာတွေက ဖော်ပြခဲ့ကြတာပါ။

အခင်းဖြစ်ခဲ့ရာနေရာကတော့ အိုနိုဂျိုမြို့၊ ဂေအိုလျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၁၆)ရက်နေ့က အသက် (၂၃)နှစ်အရွယ် ဂျပန်အမျိုးသားတစ်ယောက်ဟာ ညဘက် ဆိုင်မပိတ်ခင်လေးမှာ ခပ်တည်တည် ဝင်လာပြီး (၄၉)လက်မ တီဗွီကြီးကို အလစ်သုတ်ခဲ့တာပါ။

www.geonet.co.jp

သူဟာ ခပ်တည်တည်နဲ့ ကားဆီလျှောက်သွားပြီး ဘာအခကြေးငွေမ ပေးချေခြင်းမရှိဘဲ မောင်းပြီး ထွက်ပြေးသွားပါတယ်။ ဆိုင်မန်နေဂျာဟာ ဘာမှ မပြောလိုက်နိုင်ပေမယ့် ကားနံပတ်ကိုတော့ မှတ်ယူလိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ရဲကို ခေါ်ဆိုခဲ့ပြီး အခင်းဖြစ်စဉ်ကို တိုင်ကြားခဲ့ပါတယ်။ ရဲတွေကလည်း ခြေရာခံပြီး လိုက်တဲ့အခါ အလစ်သုတ်သမားဟာ မြို့ချင်းကပ်ဖြစ်တဲ့ နာကာဂါဝါမြို့ဆီကို မောင်းနှင်သွားခဲ့တာဖြစ်ပြီး၊ သူ အိမ်အရောက်၊ ရဲတွေကလည်း ဝိုင်းပြီးသား ဖြစ်နေပါတယ်။

www.geonet.co.jp

သူခိုးဟာ ကားထဲမှာ တီဗွီကြီးနဲ့အတူ လက်ပူးလက်ကြပ် ဖမ်းဆီးခံလိုက်ရတာပါ။ ခိုးလာသူကလည်း ရဲတွေကို အမှန်အတိုင်း ဖွင့်ပြောခဲ့ပါတယ်။ သူက “ ဟုတ်တယ် .. ကျွန်တော်ခိုးလာတာ .. အိမ်မှာ ကြည့်ဖို့လေ ”လို့ အေးအေးဆေးဆေး ရှင်းပြခဲ့ကြောင်း သိရပါတယ်။ သူ့ကို ရဲက ဖမ်းဆီးစစ်ဆေးနေဆဲပါ။

လင်းသူရိန် (Shwemom)

SHARE