ချစ်သူရဲ့နေ့စဉ်ရက်ဆက် သေလုမြောပါး နှိပ်စက်မှုခံခဲ့ရတဲ့အမျိုးသားရဲ့ ကိုယ်တွေ့ဖြစ်ရပ်

အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတို့ ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြလို့ ထိုးကြကြိတ်ကျ၊ လက်နှက်ဆွဲ ရိုက်နှက်ကြမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်အနေအထားမှာ ယောက်ျားလေးဖက်ကပဲ အနိုင်ရကြပြီး အမျိုးသမီးများကတော့ အထိနာကြမှာပါ။

သို့ပေမယ့် Alex Skeel ရဲ့ ဖြစ်ရပ်ကတော့ ပြောင်းပြန်ပါပဲ။ ချစ်သူကောင်မလေးရဲ့ ညှင်းပန်းနှိပ်စက်မှုကို နေ့ပေါင်းများစွာ ခံနေရပေမယ့် ချစ်သူကိုကြောက်လို့ ရဲလည်းမတိုင်ရဲ၊ ဘယ်သူ့ကိုမှ မပြောရဲဖြစ်ကာ တစ်ယောက်တည်းသေလုမြောပါးနဲ့ တင်းခံခဲ့ရတာပါ။ Alex ရဲ့အကြာင်းကို BBC ရဲ့ documentary ကဏ္ဍမှာ “Abused By My Girlfriend” ဆိုတဲ့ ခေါင်းစဉ်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ဗီဒီယိုရှိပါတယ်။

BBC

Alex ဟာ အသက် (၂၂) နှစ်အရွယ် သာမန်အမျိုးသားတစ်ဦးပါ။ သူ့မှာတစ်အိမ်တည်းအတူနေတဲ့ ချစ်သူ Jordan Worth ရှိပါတယ်။ Alex နဲ့ Jordan Worth တို့ဟာ အသက် (၁၆) နှစ်အရွယ် ၂၀၁၂ ခုနှစ်မှာပဲ အထက်တန်းကျောင်းတုန်က ကျောင်းဘောလုံးပွဲကို အကြောင်းပြု ရင်း ခင်မင်ကာ ချစ်သူအဖြစ်သို့ရောက်ရှိသွားခဲ့တာပါ။

(၆) နှစ်နီးပါးတွဲနေခဲ့တဲ့ ချစ်သူတွေဖြစ်တာကြောင့် Jordan Worth ရဲ့ နေအိမ်သို့ပြောင်းရွှေ့ကာ Alex က အတူတူလိုက်နေပေးခဲ့ပါတယ်။ Jordan Worth ဟာ (၁၆) နှစ်သားလေး Alex အတွက်ကတော့ ပထမဆုံးချစ်ရတဲ့ ချစ်သူလေးပါ။ Alex နဲ့ Jordan တို့ စစတွေ့တုန်းက Alex ဟာ ဘောလုံးနည်းပြအဖြစ် အလုပ်ဝင်လုပ်နေပြီပဲဖြစ်ပါတယ်။

BBC

ရည်းစားစဖြစ်စဉ်ကတော့ သိပ်ကို ချစ်ကြည်နူးခဲ့ပြီး Jordan Worth ကို Alex တစ်ယောက် တကယ်ချစ်ခဲ့တာပါ။ သူမရဲ့ထိန်းချုပ်လွန်းတဲ့အပြုအမူတွေကို စတင်သတိထားမိစေခဲ့တဲ့ စကားကတော့ သူမဟာ မီးခိုးရောင်မကြိုက်တာကြောင့် Alex ကိုလည်း မီးခိုးရောင်နဲ့ပတ်သက်လို့ ဘာအဝတ်မှမဝတ်ခိုင်းတာပါပဲ။ နောက်တော့ ဆံပင်ပုံဆံကအစ သူမစိတ်ကြိုက်ပြင်ဆင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ဒါတွေဟာ သာမန်ချစ်သူကောင်မလေးတွေရဲ့ သူတို့ချစ်သူကို ဖက်ရှင်ပိုင်းအရ ဝင်စွက်ဖက်ပြီး အကောင်းနဲ့အကြံပေးတယ်လို့ ယူဆကာ Alex တစ်ယောက် သူမ မကြိုက်တဲ့မီးခိုးရောင်အဝတ်တွေကို ရှောင်ပြီး ဆံပင်ပုံစံကိုလည်း သူမစိတ်ကြိုက်ထားပေးခဲ့ပါတယ်။

Alex နဲ့ Jordan Worth တို့ရဲ့ ကြည်နူးဖွယ်ချစ်ဇာတ်လမ်းလေးဟာဖြင့် Alex အသက် (၁၈) နှစ်ပြည့်မွေးနေ့မှာ တစ်ခန်းရပ်စေခဲ့ပါတယ်။ Alex ကို ဖုန်းမသုံးရဘူးလို့ဆိုကာ SIM card ကို ချိုးပစ်ခဲ့ပြီး မွေးနေ့ပွဲကြီးမှာတင် Alex တို့အိမ်နဲ့ရင်းနှီးတဲ့မိသားစုထဲက သမီးဖြစ်သူကို ရန်အကြီးအကျယ်စခဲ့တဲအတွက် မွေးနေ့ပွဲဟာ ပျက်ဆီးလို့သွားခဲ့ပါတယ်။ မိသားစုနဲ့သူငယ်ချင်းတွေက Jordan Worth ကို လုံးဝသဘောမကျကြတော့ဘဲ Alex ကို အဆက်ဖြတ်ဖို့ အကြံပေးခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ သူတို့နှစ်ဦး လမ်းခွဲခဲ့ကြပါတယ်။

READ
နှစ်ဦးပေါင်း(၁၇၁)နှစ်ရှိတဲ့ဗြိတိန်က အသက်အကြီးဆုံးပူပူနွေးနွေးဇနီးမောင်နှံ
BBC

သို့ပေမယ့် Jordan ဟာ Alex နဲ့ ကလေးရပြီလို့ဆိုကာ ပြန်ဆက်သွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ် မေလမှာ သားလေးတစ်ယောက်ကို မွေးခဲ့ပါတယ်။ Alex ရဲ့ မိသားစုက ကလေးကိုတော့ သွားကြည့်သင့်တယ်လို့ တိုက်တွန်းခဲ့တဲ့အတွက် Jordan နဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ ပြန်တွေ့ကာ ပြန်တွဲဖြစ်ခဲ့ပါတယ်။ ကြားထဲ သူတို့အဆက်အသွယ်မရခဲ့တာ (၁)နှစ်နီးပါးလောက်ရှိနေခဲ့ပါပြီ။

သားလေးမိခင်လည်းဖြစ်နေပြီဆိုတာကြောင့် Jordan ရဲ့လုပ်ရပ်တွေဟာ အနည်းနဲ့အများပြောင်းလဲလာပြီလို့ ထင်မိတဲ့အတွက် Alex ဟာ Jordan နဲ့ အတူတူပြန်နေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အင်္ဂင်္လန်အရှေ့တောင်ပိုင်းမှာရှိတဲ့ Surrey ဆိုတဲ့ ရွာလေးသို့ပြောင်းကာ နေထိုင်ခဲ့ကြပါတယ်။

BBC

Surrey ကိုရောက်တော့ Alex ရဲ့ ဖုန်းတွေ၊ လူမှုကွန်ယက် account တွေအကုန်လုံးကို Jordan ကပဲ စတင်ကိုင်တွယ်ခဲ့ပါတယ်။ Facebook ကနေပြီး Jordan ရဲ့ မိသားစုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို အမုန်းစကားတွေပြောကာ အဆက်ဖြတ်စေခဲ့ပါတယ်။ အဆိုးရွားဆုံးကိစ္စကတော့ Alex အရမ်းချစ်ရတဲ့ အဖိုးကွယ်လွန်သွားခဲ့ပြီလို့ ပြောခဲ့ခြင်းပါ။

BBC

Alex ဟာ အဲဒီစကားကို ကြားကြားခြင်း (၂) နာရီနီးပါးလောက်ကြာအောင် အကြီးအကျယ်ငိုကြွေးခဲ့ရပါတယ်။ နောက်တော့မှ လိမ်နေတာဆိုပြီး Jordan က ပြန်ဖြေချခဲ့ပါတယ်။ Winter Woodland သို့သွားလည်ကြတဲ့အခါတုန်းကဆိုရင်လည်း Alex ကို အိပ်ဆေးတွေ တစ်ထုပ်ကြီး အတင်းသောက်ခိုင်းခဲ့လို့ သောက်ခဲ့ရပါသေးတယ်။ ပြီးတော့ ဘယ်လိုအိမ်ပြန်ရောက်လာမှန်းတောင် မမှတ်မိခဲ့ဘူးလို့ဆိုပါတယ်။

BBC

ပိုက်ဆံအိတ်တွေ၊ မှတ်ပုံတင်တွေအကုန်လုံးကိုလည်း Jordan ကပဲ ယူထားပြီး Alex ကို အလုပ်တောင်မသွားခိုင်းတော့ပါဘူး။ ဒီအပြင် သူမတက်နေတဲ့ University of Hertfordshire တက္ကသိုလ်ထဲကိုလာခိုင်းပြီး စာသင်ချိန်တွေမှာ အတူတူ အတန်းလိုက်တက်စေခဲ့ပါတယ်။ Alex ရဲ့ နာမည်ကိုလည်း ပြောင်းဖို့အတွက် ကြိုးစားခဲ့ပြီး (၉) လလောက် ကြမ်းပြင်ပေါ်မျာ အိပ်စေခဲ့ပါတယ်။ Jordan ဟာ သူစားပြီး မကုန်တဲ့ အကျန်တွေကိုသာ စားခိုင်းစေခဲ့တာကြောင့် (၄၂) ပေါင်လောက်တောင် ကျသွားခဲ့ပါတယ်။

(၄) နှစ်အကြာ စိတ်ပိုင်းဆိုင်ရာအရ ညှင်းဆဲခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အိမ်တွင်းအကြမ်းဖက်မှုဆီသို့ ရောက်မှန်းမသိရောက်သွားခဲ့ပါတယ်။ Alex ရဲ့အရေပြားတွေကို ခြစ်တာတွေ၊ ခေါင်းကို သံရိုက်တူသေးသေးလေးနဲ့ ထုနှက်တာတွေ၊ လက်နဲ့ခြေထောက်တွေကို ဓားနဲ့မွှန်းတာတွေအထိပြုလုပ်လာခဲ့ပြီး ရေနွေးပူလောင်းချတာတွေအထိဖြစ်ခဲ့ပါတယ်။

READ
ဗြိတိန်အသက်ကြီးဆုံးအမွှာညီအစ်မသုံးဖော်ရဲ့ အသက် (80)ပြည့် မွေးနေ့
BBC

Alex နဲ့ပတ်သက်လာရင် သူမရဲ့လက်ထဲမှာရှိသမျှပစ္စည်းတိုင်းဟာ လက်နှက်အဖြစ်သို့ပြေင်းလဲသွားပါတယ်။ ဖန်ရေဗူး၊ ဗီရိုတံခါးတွေအပြင် ခေါင်းဘီးနဲ့တောင်မှ ဒဏ်ရာရအောင်ပြုလုပ်နိုင်ပါတယ်။ အပြင်ထွက်လျှောက်လည်တဲ့အခါမျိုးမှာတော အရာအားလုံးအေးဆေးတည်ငြိမ်နေပေမယ့် လူမမြင်ကွယ်ရာမှာတော့ Alex ကို နှိပ်စက်နေခဲ့တာပါ။ တစ်ခေါက်တုန်းကခေါင်းဘီးနဲ့ ထိုးနှက်ခဲ့လို့ ကိုယ့်သွားကိုယ်ကို ပြန်နုတ်ခဲ့ရတာလည်း ကြုံခဲ့ဖူးတယ်လို့ဆိုပါတယ်။

၂၀၁၇ ခုနှစ်မေလမှာတော့ ဒုတိယသမီးလေးကို မွေးဖွားခဲ့ပါတယ်။ သမီးလေးဖြစ်တဲ့အတွက် Jordan ရဲ့အကျင့်တွေပြောင်းလာမှာပါလို့ မျှော်လင့်မိခဲ့ပေမယ့် ကလေးမွေးပြီး လအနည်းငယ်အကြာမှာပဲ ကိုယ်ထိလက်ရောက်နှိပ်စက်မှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ ရေနွေးပူနဲ့လောင်းချခဲ့တဲ့အတွက် ဆေးခန်းပြဖို့အရေးပေါ်ဖြစ်နေပေမယ့် ပေးမသွားခဲ့ပါဘူး။ နောက်တစ်ခါ ပေါင်မုန့်လှီးတဲ့ဓားကြီးကိုင်ကာ Alex ကို လိုက်ထိုးခဲ့လို့ အိမ်ထဲမှာ ထွက်ပြေးခဲ့ရသေးတယ်လို့ဆိုပါတယ်။ လက်ဖျံနဲ့ လက်ကောက်ဝတ်မှာတော့ ပြတ်ရှဒဏ်ရာရှိခဲ့ပါတယ်။

BBC

အိမ်နီးချင်းတွေကလည်း Alex ကို ထော့နင်းထော့နင်း လမ်းလျှောက်တာတွေ၊ မျက်ကွင်းကြီးညိုနေတာတွေ၊ ဒဏ်ရာတွေနဲ့ အမြဲတမ်းလိုလို မှိုင်တိုင်တိုင်တွေ့နေခဲ့လို့ ဘယ်သူလုပ်တာလဲလို့ မေးရာ Alex က Jordan Worh ကိုကြောက်လို့ ကိုယ့်ကိုယ်ကို လုပ်တာလို့ အမြဲတမ်းပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက် တိတ်ဆိတ်တဲ့ညသန်းခေါင်ယံအချိန်မှာ Alex တို့ အိမ်ကနေ Alex ရဲ့အော်သံကြားခဲ့တဲ့အတွက် အိမ်နီးချင်းမှ မခံမရပ်နိုင်တော့ဘဲ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပါတယ်။

ရဲတွေရောက်လာတဲ့အချိန်မှာ Alex ဟာ ရှိသမျှဒဏ်ရာတွေကို ခြေအိတ်တွေနဲ့ပတ်ထားပြီး ကြမ်းပြင်ပေါ်မှာ မျော့မေျာ့လေးခွေနေတာကို သနားစဖွယ်မြင်တွေ့ခဲ့ပါတယ်။ ရဲတွေရောက်လာတဲ့အထိ ကိုယ့်ကိုကိုယ်လုပ်တယ်ဆိုပြီး ငြင်းနေခဲ့ပေမယ့် နောက်မှာတော့ Jordan Worth ရဲ့ လက်ချက်မှန်း သိခဲ့ကြပါတယ်။ Jordan Worth ကိုတော့ ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့ပြီး ကလေးတွေရဲ့ အုပ်ထိန်းခွင့်ကို Alex မှ ရရှိကာ အခုအချိန်မှာတော့ Alex ဟာ မိသားစုတွေနဲ့အတူတူ ပြန်နေနေပါပြီ။

BBC

အမျိုးသားအများစုဟာ သူ့တို့အိမ်တွင်းအကြမ်းဖက်ခံနေရပါတယ်ဆိုပြီး လူတွေကို ထုတ်ပြလေ့မရှိပါဘူး။ သူတို့ရဲ့စိတ်ထဲ ယေက်ျားတန်မဲ့ ဒီလိုမျိုး ထုတ်ပြခြင်းဟာ သိမ်ငယ်စရာ၊ ရှက်စရာလို့မှတ်ယူကြပြီး ဖြစ်သမျှကိုကြိတ်ခံတတ်ကြပါတယ်။ Alex ကတော့ ရွယ်တူအမျိုးသမီးတစ်ယောက်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ခံခဲ့ရတာကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ပထမဆုံး အမျိုးသားလို့တောင်ဆိုရမှာပါပဲ။ သူ့ကြောင့်ပဲ ၂၀၁၇ ခုနှစ်မှာတော့ အမျိုးသားများဟာ အရင်လိုဖုံးကွယ်မထားတော့ဘဲ အိမ်တွင်းအကြမ်းဖက်ခံနေရမှုများကို ထုတ်ပြောကာ သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ်မှာထက် ၂၀၁၇ ခုနှစ်မှာတော့ တိုင်ကြားမှုပေါင်း (၁၄၉,၂၄၈) မှုပေါင်းနဲ့ နှစ်ဆအထိ မြင့်တက်လာခဲ့ပါတယ်။

BBC

Jordan Worth ထောင်ကျသွားစဉ် Alex ပြောခဲ့တဲ့စကားကတော့ ကျွန်တော်လွတ်မြောက်သွားသလို ခံစားရတယ်ပဲဖြစ်ပါတယ်။

BBC

Source: The Sun , BBC

Penny

 

SHARE