ပညာရှင်တွေရှင်းပြထားတဲ့ လက်သန့်ဆေးရည်နဲ့ ဆပ်ပြာတို့ ကွာခြားပုံအကြောင်း

pexels/cottonbro

ဆပ်ပြာနဲ့ လက်သန့်ဆေးရည်တွေကို မတူညီတဲ့အခြေအနေတွေမှာ အသုံးပြုကြပါတယ်။ လက်သန့်ဆေးရည်တွေကတော့ ဘယ်နေရာသွားသွားအလွယ်တကူယူဆောင်လို့ရပေမယ့် ကျန်းမာရေးပညာရှင်တွေကတော့ ဘယ်လက်သန့်ဆေးရည်ပဲဖြစ်ဖြစ် လက်ကို ပုံမှန်ဆပ်ပြာနဲ့ဆေးကြောတာကိုတော့ မမှီဘူးလို့ရှင်းပြခဲ့ပါတယ်။

လက်သန့်ဆေးရည်အများစုမှာ ပါဝင်တဲ့အရာက isopropanol (rubbing alcohol) သို့မဟုတ် အယ်လ်ကိုဟောတွေမှာပါဝင်တဲ့ ethanol ဖြစ်ပါတယ်။ အရက်ပျံတွေကတော့  လုံလောက်တဲ့အယ်လ်ကိုဟောပမာဏသာပါဝင်ရင် အချို့သောဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းရှိတဲ့ ပိုးသတ်ဆေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလက်သန့်ဆေးရည်တွေကို ဆပ်ပြာနဲ့ရေမရနိုင်မှသာ အသုံးပြုသင့်ပါတယ်။ ယေဘူယျပြောရရင် လက်သန့်ဆေးရည်သုံးခြင်းဟာ လက်ဆေးခြင်းလောက် အကျိုးသက်ရောက်မှုမရှိနိုင်ပါဘူး။ အကြောင်းကတော့ လက်သန့်ဆေးရည်တွေဟာ ရက်လွန်တာ၊ ဆေးအာနိသင်မပြယ်ဖို့ သင့်တော်အောင်ထိန်းသိမ်းရတဲ့ အခက်အခဲတွေရှိနိုင်ပါတယ်။

pexels/Anna Tarazevich

လက်သန့်ဆေးရည်ကို အသုံးပြုဖို့ကတော့ သတ်မှတ်ပမာဏအတိုင်း လက်ဖဝါးတစ်ဖက်ထဲကို ဆေးရည်ထည့်ပြီး လက်နှစ်ဖက်စလုံးမှာ သေသေချာချာပွတ်ဆေးပေးပါ။ ဆေးရည်တွေခြောက်သွားတဲ့အထိ ပွတ်ပေးရမှာဖြစ်ပြီး လက်ဆေးသလိုပဲ အနည်းဆုံး စက္ကန့်၂၀လောက်ကြာရမှာဖြစ်ပါတယ်။ လက်သန့်ဆေးရည်တွေဟာ ပိုးအချို့ကိုပဲ သတ်နိုင်တာဖြစ်ပြီး Cryptosporidium, Norovirus, Clostridium difficile စတဲ့ပိုးတွေကိုတော့ မသေစေနိုင်ပါဘူး။ အယ်လ်ကိုဟောကို အခြေခံထားတဲ့ လက်သန့်ဆေးရည်ကိုရွေးချယ်တဲ့နေရာမှာတော့ ဆေးရည်ထဲက အယ်လ်ကိုဟောပမာဏဟာ အနည်းဆုံး ၆၀ရာခိုင်နှုန်းရှိရပါမယ်။ ရာခိုင်နှုန်း၆၀အောက်ဆိုရင်တော့ ပိုးတွေသေနိုင်မှာမဟုတ်ပါဘူး။

READ
သံပရိုခြမ်းကို အိပ်ယာဘေးထားအိပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ
pexels/burst

လက်သန့်ဆေးတွေဟာ ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတဲ့ အထောက်အထားမျိုးတော့မတွေ့ရပါဘူး။ ဒါပေမဲ့ သုံးပါများရင် အယ်လ်ကိုဟောကြောင့် အရေပြားယားယံတာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ပြင် အယ်လ်ကိုဟောအခြေခံပြုလုပ်ထားတဲ့ လက်သန့်ဆေးရည်တွေဟာ ပါးစပ်ထဲဝင်ရင် အန္တရာယ်ရှိနိုင်တဲ့အတွက် ကလေးငယ်တွေနဲ့ ဝေးရာမှာထားသင့်ပါတယ်။ ဒါကြောင့် ပညာရှင်တွေကတော့ အတတ်နိုင်ဆုံး ဆပ်ပြာနဲ့ရေအသုံးပြုကာ လက်ဆေးဖို့နဲ့ လက်သန့်ဆေးရည်တွေကိုချည်း အားကိုးမနေကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ShweMom

SHARE