တက္ကသိုလ်ရဲအရာရှိကြီးနဲ့ (၁၅)နှစ်အကြာမှာ ပြန်လည်ဆုံစည်းခဲ့တဲ့ ကျောင်းသူလေး

Instagram / HArvard

ကမ္ဘာကျော်တက္ကသိုလ်ကြီးဖြစ်တဲ့ ဟားဗက်တက္ကသိုလ်ကို ကျောင်းသားတိုင်း တက်ရောက်ချင်ကြပါလိမ့်မယ်။ ဟားဗက်တက္ကသိုလ်က ထွက်တဲ့ ကျောင်းသားဟောင်းတိုင်းဟာ နယ်ပယ်အသီးသီးမှာ အောင်မြင်ကြတာချည်းပဲလို့လဲ မိဘတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း ငွေလည်းတတ်နိုင်တယ်၊ ကလေးတွေကလည်း စာတော်တယ်ဆိုရင် ဟားဗက်တက္ကသိုလ် ဝင်ခွင့်ရရေး ကြိုးပမ်းကြလေ့ရှိပါတယ်။ အများစုကတော့ ဥရောပ မိသားစုတွေပေါ့။

(၂၀၀၄)ခုနှစ်တုန်းက Crystal Wang ဟာ မိသားစုနဲ့အတူ တက္ကသိုလ်အလည်အပတ် ခရီးမှာ ဟားဗက်တက္ကသိုလ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ Charles Marren တို့ စတင်ဆုံစည်းခဲ့တာပါ။ သူမရဲ့ ဖခင် Jin က ရဲအရာရှိ Marren နဲ့ သမီးလေး Crystal တို့ရဲ့ အမှတ်တရဓာတ်ပုံကို ရိုက်ကူးခဲ့ပါတယ်။ ဓာတ်ပုံလေးက သာမန်ပါဘဲ။

 

ဒါပေမယ့် Crystal ဟာ ဟားဗက်မှာ Harvard’s Class of 2023 ရဲ့ကျောင်းသူတစ်ယောက် ဖြစ်ခွင့်ရလာတဲ့အခါ ရဲအရာရှိ Marren နဲ့ ပြန်ဆုံခဲ့ကြပါတယ်။ ဒါကြောင့်လည်း သူမဟာ အမှတ်တရသဘောနဲ့ (၁၅)နှစ်အကြာမှာ ချစ်စဖွယ်ဓာတ်ပုံလေး ပြန်လည်ဖန်တီးဖို့ စိတ်ကူးရှိခဲ့တာပါ။ ထူးခြားတာက ရဲအရာရှိ Marren ဟာ (၁၅)နှစ်တာ ကာလအတွင်းမှာ အရင်လို သန်မာနေဆဲပါဘဲ။

Crystal ရဲ့အဆိုအရတော့ သူမဟာ ပထမဆုံးဓာတ်ပုံရိုက်စဉ်က ငယ်သေးတော့ မမှတ်မိခဲ့ဘူးလို့ ဆိုပါတယ်။ ဖခင် Jin က ဓာတ်ပုံလေးကို ပြန်ပြမှ ရဲအရာရှိ Marren ကို ပြန်ရှာခဲ့တာပါ။ သူ တက္ကသိုလ်ရဲတပ်ဖွဲ့မှာ အခုထက်ထိ တာဝန်ထမ်းဆောင်နေသေးလား ဆိုတာ စုံစမ်းရင်း၊ ကံကောင်းစွာပဲ ရဲအရာရှိ Marren နဲ့ ပြန်ဆုံခဲ့ပါတယ်။

သူမရဲ့လူမှုကွန်ရက်မှာ Marren နဲ့ ပြန်ဆုံခဲ့ရခြင်းအတွက် “ ဒါက တကယ့်ကို မင်္ဂလာရှိတဲ့အချိန်ပါ … ကျွန်မ သူနဲ့ ပြန်တွေ့ခဲ့တယ် … ”လို့ ရေးခဲ့ပါတယ်။ Marren က Crystal ကို သူရဲ့ ဖုန်းနံပတ်လည်း ပေးခဲ့ပြီး၊ လိုအပ်တဲ့အကူအညီရှိရင် အချိန်မရွေး ဖုန်းဆက်ဖို့ ပြောပါသတဲ့။

လင်းသုတ

SHARE