လူသားမျိုးနွယ်တစ်ခုလုံးကို ပျောက်ဆုံးသွားစေနိုင်တဲ့ အဓိကအကြောင်းရင်းကြီးများ

ကမ္ဘာကြီးပူနွေးလာတာဟာ အနာဂတ်မှာ ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပြီး လူသားမျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းရတဲ့ အခြေအနေထိ ဆိုက်ရောက်နိုင်ပါတယ်။ အစာစနစ်တွေ လွဲချော်ပျက်စီးမယ်၊ ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာမယ်၊ ရောဂါဘယတွေ ပေါလာမယ် စတဲ့ လူသားမျိုးနွယ်တွေ မျိုးတုန်းနိုင်ခြေရှိတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး စာရေးဆရာ ဘီလ် မက်ခ်ကစ်ဘန်က ‘FALTER: Has the Human Game Begun to Play Itself Out?’ ဆိုတဲ့ စာအုပ်ထဲမှာ ရေးသားထားပါတယ်။ သူကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အဓိက အချက်ကြီး(၅) ချက်ကို တင်ပြထားပါတယ်။

သမုဒ္ဒရာရေ ပူနွေးလာပြီး အပင်တွေရဲ့ အစာခြေစနစ်ကို နှောင့်ယှက်တာကြောင့် လူတွေ အသက်ရှူမ၀ဖြစ်လာမယ်

လက်ရှိရာစုနှစ်ရဲ့ အဆုံးမှာ ကမ္ဘာ့သမုဒ္ဒရာတွေဟာ အပင်တွေရဲ့ အစာခြေစနစ်ကို နှောင့်ယှက်လို့ရတဲ့အထိ ပူနွေးလာတော့မှာပါ။ ကမ္ဘာ့အောက်ဆီဂျင်ရဲ့ သုံးပုံနှစ်ပုံဟာ အပင်တွေဆီက လာတာပါ။ ဒါကြောင့် အောက်ဆီဂျင်ကို ထုတ်ပေးတဲ့ phyto-plankton တွေဟာ လူသားတွေ ရှူရှိုက်ဖို့ အောက်ဆီဂျင်ကို အလုံအလောက် မထုတ်ပေးနိုင်တော့ပါဘူး။ ရလဒ်အနေနဲ့ ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ အချို့သတ္တ၀ါတွေဟာ အောက်ဆီဂျင် အလုံအလောက်မရတော့တာကြောင့် အသက်ရှူကြပ်ပြီး ပျက်စီးကြရမှာ ဖြစ်ပါတယ်။

pexels

ရေခဲထုတွေအရည်ပျော်လာတာကြောင့် ဆူနာမီတွေဖြစ်ပြီး ရေသတ္တ၀ါထု ပျက်စီးမယ်

ပင်လယ်ရေမျက်နှာပြင် တက်လာတာနဲ့အမျှ ကမ္ဘာ့အပေါ်ယံမြေလွှာဟာ ကွေးလာပါတယ်။ ဒီလိုကွေးလာတာဟာ မီးတောင်တွေပေါက်ကွဲအောင် တွန်းအားပေးလိုက်သလိုပါပဲ။ မီးတောင်တွေ ပေါက်ကွဲတဲ့အခါမှာတော့ ရေသတ္တ၀ါတွေဟာ ချော်ရည်တွေကြောင့် အဆိပ်သင့်ကြပါမယ်။ ကွေးလာတဲ့ မြေလွှာတွေကြောင့် ငလျင်တွေ၊ မြေပြိုတာတွေနဲ့ ဆူနာမီတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေမှာ သက်သေအထောက်အထား ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၈,၀၀၀) အလွန် ရေခဲခေတ်အဆုံးမှာ နော်ဝေးရဲ့ တိုက်ကြီးတစ်တိုက်စာလောက် ကြီးမားတဲ့ ရေခဲဆောင်ကြီးဟာ ပြိုကျခဲ့ပါတယ်။ ရလဒ်အနေနဲ့ ဧရာမရေလှိုင်းထုကြီးတွေ ဖြစ်ပေါ်ပြီး နော်ဝေကနေ ဂရင်းလန်းတစ်လျှောက်မှာရှိတဲ့ သက်ရှိတွေ အကုန်လုံးကို ဖျက်ဆီးသွားခဲ့ပါတယ်။ ထိုစဉ်က ရေလှိုင်းကြီးတွေရဲ့ အမြင့်ဟာ (၆၅) ပေရှိတယ်လို့ သိရပါတယ်။

READ
ကြောင်အကောင်ရေ ရာနဲ့ချီပြီးနေထိုင်တဲ့ ထိုင်ဝမ်က ကြောင်ရွာကလေး

ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေ များလို့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ လျော့နည်းမယ်

ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေ များလာတာဟာ သိမှုစွမ်းရည်ဆိုင်ရာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေတယ်လို့ သိရပါတယ်။ (၂၁၀၀) ခုနှစ်ရောက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ပမာဏဟာ ထောင်နဲ့ချီမြှင့်တက်သွားပြီး ဦးနှောက်ပိုင်း သိမှုဆိုင်ရာတွေ (၂၁) ရာခိုင်နှုန်း ဆုတ်ယုတ်သွားမယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

pexels

ရေခဲနေတဲ့ တိရစ္ဆာန်တွေဆီကနေ ကပ်ရောဂါတွေ ပြန်ဖြစ်လာမယ်

ရေခဲထဲမှာ မပုပ်မသိုးနဲ့ ပကတိအတိုင်း ရှိနေတဲ့ ရုပ်ကြွင်းတွေဟာ သိပ္ပံပညာရှင်တွေအတွက်တော့ စူးစမ်းလေ့လာလို့ မဆုံးနိုင်တဲ့ ရတနာသိုက်ကြီးတစ်ခုလိုပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက ခုလို အေးခဲနေတဲ့အရာတွေထဲမှာ ရောဂါပိုးတွေလည်း ရှိနေတတ်ပါတယ်။ အထူးသဖြင့် အေးလဲအေးနေတယ်၊ အောက်ဆီဂျင်လည်း မရှိ၊ မှောင်လည်း မှောင်နေတဲ့ နေရာတွေဟာ ဗိုင်းရပ်စ်ပိုးတွေ ပေါက်ပွားဖို့ အသင့်တော်ဆုံး အခြေအနေပါ။ ဆိုက်ဘေးရီးယားနဲ့ အလက်စကာတစ်ဝိုက်မှာလည်း တုပ်ကွေး၊ ကျောက်ကြီးရောဂါနဲ့ ပုလိပ်ရောဂါတွေကို သယ်ဆောင်ထားတဲ့ အပိုင်းအစတွေဟာ ရှိနေပါတယ်။ တကယ်လို့သာ ၄င်းအပိုင်းအစတွေကို ခဲနေတဲ့အခြေအနေအဖြစ်ကနေ ပယ်ရှားလိုက်တဲ့အခါ ရောဂါပိုးတွေဟာလည်း ပြန်အသက်ဝင်လာလိမ့်မယ်လို့ ပညာရှင်တွေက ယူဆပါတယ်။

READ
ကမ္ဘာ့ရေအရင်းအမြစ်ပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သူ အမျိုးသား

အစာစက်ဝန်းပြိုကွဲပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးမယ်

ကမ္ဘာ့လူဦးရေဟာ တစ်နေ့တစ်ခြားတိုးပွားလာနေတာကြောင့် လူသားတွေအနေနဲ့ အစာအာဟာရ စိုက်ပျိုးထုတ်လုပ်ရေးမှာ အခက်အခဲတွေ ရှိလာပါတယ်။ လယ်သမားတွေအနေနဲ့ အထွက်နှုန်း အများအပြားရဖို့ အတွက် စားပင်သီးနှံတွေကို မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊ စက်တွေနဲ့ လုပ်ဆောင်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီလိုထုတ်လုပ်မှုတွေဟာ မိုးခေါင်ရေရှားတဲ့ အချိန်တွေနဲ့ ကြုံလာတဲ့အခါ လုံးဝကို စိုက်ပျိုးမှုတွေ ရပ်နားပစ်ရမယ့် အခြေအနေထိ ဖြစ်လာမှာပါ။ မြေဆီမြေနှစ်သယံဇာတတွေကို အလွန်အကျွံသုံးကြတာကြောင့် ကြာလာတဲ့အခါ မြေဆီတွေ ခမ်းခြောက်ပြီး စိုက်ပျိုးလို့ မရတော့ ဖုန်ဆိုးမြေတွေ ဖြစ်လာမယ်လို့ သိရပါတယ်။

ဖော်ပြထားတဲ့ အချက်တွေဟာ ‘FALTER: Has the Human Game Begun to Play Itself Out?’ ဆိုတဲ့ ယခုနှစ် ဧပြီလမှ ထွက်ရှိထားတဲ့ စာအုပ်ကို မှီငြမ်းပြန်ဆိုတာဖြစ်ပါတယ်။ နောင်လာမယ့် မျိုးဆက်တွေတွေ့ကြုံရမယ့် ကပ်ဘေးအန္တရာယ်တွေကို သတိပြုမိစေဖို့နဲ့ ကမ္ဘာကြီးပူနွေးလာခြင်းကို လျော့ချနိုင်အောင် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail

SHARE