အမျိုးသားတွေနဲ့ပတ်သက်လို့ နှစ်(၁၀၀) အတွင်း ပြောင်းလဲလာတဲ့ အယူအဆများ

unsplash/Ben Rosett

ဗြိတိန်သုတေသနပညာရှင်တွေက လွန်ခဲ့တဲ့နှစ် (၁၀၀) အတွင်း အမျိုးသားတွေဟာ ပျမ်းမျှအရပ် (၃.၉) လက်မ အရပ်ရှည်ထွက်လာပြီး ကိုယ်အလေးချိန်လည်း တက်လာကြောင်း ဆိုပါတယ်။ ဒါပေမယ့် အမျိုးသားတွေဟာ အရင်ကထက် ပိုပြီးအားနည်းလာတယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်အမျိုးသားတွေဟာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုနည်းပါးတာကြောင့် အရင်တုန်းက အမျိုးသားတွေနဲ့ယှဉ်ရင် ခွန်အားဗလနည်းပါးလာပြီး အခုဆိုရင် ခေတ်သစ် အသက်(၃၀-၃၄) နှစ်ကြားရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ အတူတူပဲတောင် ဖြစ်နေကြောင်း ဆိုထားပါတယ်။ အခုဖော်ပြပေးမှာကတော့ Brightside ကနေတဆင့် တွေ့ရှိလာတဲ့ ယနေ့ခေတ်အမျိုးသားတွေက ၄င်းတို့အဖေတွေ၊ အဖိုးတွေနဲ့ ဘာတွေများ ကွာခြားသွားသလဲဆိုတာတွေပဲ ဖြစ်ပါတယ်။

အခုခေတ်မှာတော့ အမျိုးသားတွေဟာ အိမ်ထောင်ဦးစီးတွေဖြစ်စရာမလိုတော့ပါဘူး။ အရင်တုန်းကတော့ အမျိုးသားတစ်ယောက်ဟာ ဇနီးသည်သုံးနိုင်တာထက် ပိုပြီးငွေရှာနိုင်ရင် အောင်မြင်တဲ့ယောက်ျားလို့ သတ်မှတ်နိုင်ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ကတော့ အဲ့ဒီလိုယောကျာ်းမျိုးရှာနိုင်ရင် အောင်မြင်တဲ့မိန်းမလို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ငွေရှာလာနိုင်တဲ့အပြင် တချို့ဆိုရင် အိမ်သူဇနီးသည်က လင်ယောက်ျားထက်တောင် ၀င်ငွေပိုရှာနိုင်တာ ရှိပါတယ်။ တချို့ကျတော့ ယောက်ျားက အိမ်မှာနေပြီး အိမ်မှုကိစ္စတွေ အကုန်တာဝန်ယူရတာမျိုးလည်း ရှိသလို လင်မယားနှစ်ယောက်စလုံး အတူတူငွေရှာနေတာမျိုးလည်း ရှိလာပါပြီ။

READ
သင့်ရုပ်ရည်ထက်ပိုပြီးစွဲဆောင်နိုင်စွမ်းရှိသည့် ကိုယ်ရည်ကိုယ်သွေး(၇)မျိုး
unsplash/Hean Prinsloo

အခုအခါမှာတော့ မီးဖွားခွင့်ကို အမျိုးသားတွေလည်း ယူလာနိုင်ပြီဖြစ်တယ်။ ဆွီဒင်ဥပဒေမှာတော့ တကယ်လို့ မိသားစုတစ်စုဟာ မီးဖွားခွင့်နဲ့ပတ်သက်လို့ လစာခံစားခွင့်အပြည့်အ၀ရချင်တယ်ဆိုရင် အိမ်ထောင်ရှင်အမျိုးသားနဲ့ အမျိုးသမီးဟာ ခွင့်တွေကို ခွဲဝေယူကြဖို့ တိုက်တွန်းထားပါတယ်။ ဆိုလိုတာက တစ်ယောက်ကို မီးဖွားခွင့် အနည်းဆုံး ရက်(၉၀) လောက်ရတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဒီလိုခွင့်ရက်ရှည်ပေးခိုင်းခြင်းက လင်ယောက်ျားရော ဇနီးသည်ပါ ကလေးကို အတူတူ ပြုစုပျိုးထောင်ခွင့်ရဖို့နဲ့ အမျိုးသမီးတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ မဆုံးရှုံးစေလိုတာကြောင့် ဖြစ်ပါတယ်။ ဖခင်တွေဟာ ကလေးရဲ့ ပထမဆုံး(၈) လကို ကလေးနဲ့တူတူ အချိန်ဖြုန်းပြီး ကလေးကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့ရင် ၄င်းကလေးဟာ ကြီးပြင်းလာတဲ့အခါ စိတ်ဖိစီးမှုကို ပိုမိုထိန်းချုပ်နိုင်တဲ့အပြင် သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်တွေ ပိုမိုဖြစ်ပေါ်တယ်လို့ သိရပါတယ်။

unsplash/Caleb Jones

ခုခေတ်ယောက်ျားတွေဟာ အရင်တုန်းက စံသတ်မှတ်ချက်တွေအတိုင်း မရှိကြတော့ပါဘူး။ အရင်တုန်းကတော့ အမျိုးသမီးတစ်ယောက် အနိုင်ကျင့်ခံနေရတာကို မြင်လို့ ရှောင်လွှဲမသွားပဲ ကူညီရင် ဒီလိုယောက်ျားမျိုးကို ယောက်ျားပီသတဲ့ ယောက်ျားလို့ ခေါ်ကြပါတယ်။ အခုခေတ်မှာတော့ ယောက်ျားသားအများစုက ယောက်ျားပီသတာ၊ မပီသတာကို အသာထားဦး၊ သူတစ်ခုခုဖြစ်မှာဆိုးလို့ ကူညီရမယ့်အရာမြင်နေလည်း ရှောင်လွှဲသွားတာမျိုးတွေ ရှိလာပါတယ်။

READ
မျက်နှာပေါက်ဆိုးတဲ့ ကြောင်စိတ်တိုလေးတွေ ဖြစ်ရခြင်း အကြောင်းရင်း

ဒါ့အပြင် အရင်တုန်းက ယောက်ျားမှန်ရင် မျက်ရည်မကျရဘူး၊ လူမြင်ကွင်းမှာ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ရမယ်လို့ ဆိုထားပေမယ့် အခုအခါမှာတော့ ယောက်ျားသားတွေက မိမိတို့ စိတ်ခံစားချက်ကို လူမြင်ကွင်းထဲ ချပြတဲ့အခါမှာလည်း အဆင်ပြေနေပြီပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်း ခေတ်တွေပြောင်းလာတာနဲ့အမျှ ယောက်ျားနဲ့မိန်းမကြားထဲက ကွာဟချက်တွေဟာ ပိုမိုလျော့နည်းလာပြီး ယောက်ျားတွေဟာ ယောက်ျားဆန်မှုနည်းပါးလာကြောင်းနဲ့ စိတ်ခံစားချက်တွေ ပိုမိုပျော့ပြောင်းလာတဲ့အကြောင်းကို သုတေသနပညာရှင်တွေက တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE