ခွဲခန်းဝင်ရမှာ ကြောက်နေတဲ့ကလေးကို ကြင်နာစွာနှစ်သိမ့်ပေးခဲ့တဲ့ သူနာပြုဆရာမလေး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ သူနာပြုတစ်ဦးက ခွဲခန်းဝင်တော့မယ့်ကလေးကို ဖက်ပြီးနှစ်သိမ့်ပေးနေတဲ့ မြင်ကွင်းလေးဟာ သန်းပေါင်းများစွာသော လူတွေရဲ့ နှလုံးသားကို ထိခတ်စေခဲ့ပါတယ်။ အဆိုပါသူနာပြုလေးကို မာတုန်းယံလို့ သိရပါတယ်။ သူမဟာ ခွဲခန်းထဲဝင်ရမှာ ကြောက်လို့ ငိုကျွေးနေတဲ့ (၂) နှစ်သားကလေးကို သူမရဲ့ လက်မောင်းပေါ်မှာ အိပ်စေပြီး ကလေးရဲ့ လက်ကို ကိုင်တာ အားပေးနေခဲ့တာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့လာတဲ့ ဓာတ်ပုံတွေထဲမှာတော့ ဂန်းဆုပြည်နယ် ဒင်ရှီပြည်သူ့ဆေးရုံက ခွဲစိတ်ခန်းစားပွဲတစ်လုံးပေါ်မှာ ခွေခွေလေး လဲနေတဲ့ ကလေးတစ်ဦးကို တွေ့ရပါတယ်။ ကလေးနာမည်က ရွမ်ရွမ်လို့သိရပြီး ကလေးဟာ ၀မ်းဗိုက်အောက်ပိုင်းကို ခွဲစိတ်ကုသမှုခံယူမှာ ဖြစ်ပါတယ်။  ဆေးရုံရဲ့အဆိုအရ ခွဲစိတ်ခန်းထဲ သူ့ကိုတွန်းဝင်ပြီးတာနဲ့ ရွမ်ရွမ်ဟာ စပြီး ငိုလာကြောင်း သိရပါတယ်။

ခွဲခန်းအတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ သူနာပြုဆရာမလေး မာတုန်းယံဟာ ရွမ်ရွမ်ကို စိတ်ရှည်လက်ရှည်နဲ့ နှစ်သိမ့်ပေးနေပြီး ခွဲခန်းမ၀င်ခင် ကလေးကို သူမလက်မောင်းပေါ်မှာ ချော့သိပ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် မာတုန်းယံနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ရွမ်ရွမ်လေး အငိုတိတ်အောင် အရုပ်တွေယူလာပြီး ကာတွန်းကားလည်း ပြပေးခဲ့ပါသေးတယ်။ ရွမ်ရွမ်က ငိုရင်းနဲ့ ပင်ပန်းပြီး အိပ်ပျော်သွားတဲ့အခါမှာတော့ သူနာပြုတွေဟာ ချက်ခြင်း မေ့ဆေးဆရာဝန်ခေါ်ပြီး ကလေးကို ဆေးပေးကာ လိုအပ်တဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

READ
မိမိနဲ့ ထူးထူးခြားခြား သွင်ပြင်တူတဲ့ကြောင်လေးကို တွေ့ရှိခဲ့တဲ့ ကလေးငယ်

ရွမ်ရွမ်လေးဟာ အောင်မြင်စွာနဲ့ ခွဲစိတ်ပြီးစီးခဲ့ပြီး အခုဆိုရင်တော့ တဖြည်းဖြည်းနဲ့ နေပြန်ကောင်းလာနေပါပြီ။ ခုတွေ့ရတဲ့ ဓာတ်ပုံတွေကိုတော့ ရွမ်ရွမ်ရဲ့ မိခင်ကိုယ်တိုင်က သူနာပြုလေးရဲ့ အပြုအမူကို သဘောကျတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်တိုင်မျှဝေခဲ့တာ ဖြစ်ပါတယ်။ သူနာပြုလေးဟာ စိတ်ကောင်းနှလုံးကောင်းရှိကြောင်း ချီးမွမ်းထားတဲ့အပြင် သူမသား ရွမ်ရွမ်ကို စေတနာနဲ့ လုပ်ကိုင်ပေးခဲ့ကြတဲ့ ဆေးရုံဝန်ထမ်းတွေကိုပါ ကျေးဇူးတင်ကြောင်း ရွမ်ရွမ်လေးရဲ့ မိခင်က ဆိုရှယ်မီဒီယာအကောင့်မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။

မာတုန်းယံကတော့ “ခွဲခန်းဆိုရင် လူကြီးလူငယ်မရွေး ကြောက်ကြပါတယ်။ ကျွန်မတို့ သူနာပြုတွေအနေနဲ့ကတော့ ကလေးရဲ့ စိတ်အခြေအနေရယ်၊ မိဘတွေရဲ့ စိတ်အခြေအနေရယ်ကို ကောင်းကောင်းနားလည်ပါတယ်။ ခွဲခန်းထဲရောက်ရင် လူနာတွေက အထီးကျန်ကြတယ်၊ သိမ်ငယ်သွားကြတယ်။ ဒါကြောင့် ကျွန်မတို့က လူနာအဆင်ပြေပြေ စိတ်သက်သက်သာသာနဲ့ ခွဲခန်းဝင်နိုင်အောင် ကူညီပေးဖို့ အားပေးဖို့ အထူးလိုအပ်ပါတယ်…” လို့ ဆိုခဲ့ပါတယ်။

လင်းလင်း (ShweMom)

READ
အနိုင်ကျင့်ခံရတာကို ခုတုံးလုပ်ပြီး အောင်မြင်အောင်လုပ်ပြလိုက်တဲ့ ချာတိတ်မလေး

Ref: Dailymail

SHARE