ရောင်းစရာတွေ မှောက်ကျသွားတဲ့ ဈေးသည်ကို၊ ကူညီခဲ့ကြတဲ့ ခရီးသွားများ

Twitter/@_SJPeace_

ကိုလံဘီယာနိုင်ငံ၊ Medellin မြို့က လမ်းမတစ်နေရာမှာ အစားအစာ ရောင်းချသူတစ်ဦးဟာ တစ်နေ့တာ ရောင်းချဖို့ စားသောက်ဖွယ်ရာတွေကို သယ်ယူလာစဉ်မှာ မတော်တဆ မှောက်ကျခဲ့ပါတယ်။ သူ လမ်းပေါ်မှာ ပျံ့ကျဲ့သွားတဲ့အရာတွေကို ပြန်ပြီးသန့်ရှင်းရေး လုပ်နေတာကို ဗွီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။

သူ့အဖြစ်ကို မြင်ပြီး စာနာထောက်ထားတဲ့ လမ်းသွားလမ်းလာတွေက တက်နိုင်သလောက် ငွေစကြေးစနဲ့ အကူအညီ ပေးခဲ့ကြပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်လေးကို လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ လူတစ်ယောက်က @_SJPeace_ အမည်ရ တွစ်တာအကောင့်ကနေ ပြန်လည်မျှဝေခဲ့တာပါ။

Twitter/@_SJPeace_

သူ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးမှာ ဒီလို လူသားချင်း စာနာထောက်ထားတဲ့လူတွေ အများကြီးရှိနေတယ်ဆိုတာ မြင်သာစေဖို့ပါပဲ။ သူ့ရဲ့ပို့စ်မှာ “ လမ်းဘေးဈေးသည်တစ်ဦး သူ ရောင်းမယ့်အရာတွေ မှောက်ကျကုန်တော့ … လူတွေရဲ့ ပြုမူဆက်ဆံပုံဟာ ဘယ်လောက်အထိ လှပသလဲဆိုတာ မြင်တွေ့ရမှာပါ ..

“ဒါဟာ မျှဝေခံစားခြင်း ဖြစ်ပါတယ် … ဒီလို စာနာမှု ကျွန်တော်တို့ အများကြီး လိုအပ်ပါတယ် … “လို့ ရေးသားထားပါတယ်။ လူတွေဟာ တစ်ယောက်က သူ့ကို ပိုက်ဆံထုတ်ပေးတာမြင်တော့ ကျန်တဲ့သူတွေကလည်း သူတို့တတ်နိုင်သလောက် ပိုက်ဆံလေးတွေနဲ့ ဈေးသည်ကြီးကို အကူအညီ ပေးနေတာပါ။

Twitter/@_SJPeace_

သူရဲ့ ပို့စ်မှာ ဆက်လက်ပြီး “ ဒါဟာ လက်ရှိ လူမှုအသိုင်းအဝန်းက ဘာဆိုတာပြလိုက်တာပါဘဲ … နောက်ပြီး မျှော့်လင့်ခြင်းတွေ မေတ္တာတရားတွေက ဘာလဲဆိုတာ ပြလိုက်တာပါ … တစ်ယောက်က ကောင်းတာလေး စလုပ်ပြလိုက်တာနဲ့ ကျန်တဲ့လူတွေက ကောင်းတာလေးတွေ ဆက်ပြီး လိုက်လုပ်ကြပါတယ် … ”လို့ ရေးသားခဲ့ပါတယ်။

ဒီပို့စ်ကို Retweet ပြုလုပ်သူ (၂၅၀၀၀၀)အထိ ရှိခဲ့ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေ တော်တော်များများကတော့ ဒီမြင်ကွင်းလေးထဲမှာ လူတွေရဲ့ ချစ်စဖွယ် တကယ့်စိတ်ရင်းစိတ်ဓာတ်ကို မြင်တွေ့ရကြောင်း၊ ကမ္ဘာပေါ်မှာလည်း ဒီလို အခက်အခဲဖြစ်နေသူကို ကူညီဖို့ အဆင်သင့်ဖြစ်နေသူတွေ အများကြီှးရှိဖို့လိုတယ်လို့ မှတ်ချက် အသီးသီး ပေးခဲ့ကြပါတယ်။

လင်းသူရိန်

SHARE