သူများနဲ့မတူတဲ့ပညာနဲ့ ဂျပန် Idol မလေးကို၊ နောက်ယောင်ခံလိုက်ခဲ့တဲ့အမျိုးသား

Twitter / Reclaim

ဂျပန် J-Pop ကို အစဉ်တစိုက်အားပေးခဲ့တဲ့ ပရိသတ်တစ်ယောက်ဟာ သူ့စိတ်ထဲ ကြိတ်ခိုက်နေရတဲ့ Idol မလေးကို အများမစဉ်းစားမိတဲ့ ပညာနဲ့ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ Idol မလေးအမည်ကတော့ Ena Matsuoka ဖြစ်ပါတယ်။ သူမကို နောက်ယောင်ခံလိုက်ပြီး နှောက်ယှက်ခဲ့သူကတော့ Hibiki Sato ဖြစ်ပြီး၊ အသက်(၂၆)နှစ်ပါ။

Sato ဟာ တစ်ခါတရံမှာတွေ့ရဲ့ ဖဲသမား ဇာတ်ကားတွေထဲက နည်းစနစ်ကို လက်တွေ့မှာ အသုံးပြုခဲ့ပါတယ်။ တစ်ဖက်ဖဲသမားရဲ့မျက်လုံးပုံကို အထူးပြုလုပ်ထားတဲ့ မျက်မှန်နဲ့ Zoom ချဲ့ ကြည့်ပြီး၊ ဖဲပွင့်တွေကို ခိုးကြည့်တဲ့နည်းပါ။ အခုလည်း Sato ဟာ အဲဒီနည်းစနစ်ကို သုံးခဲ့တာဖြစ်ပါတယ်။

 

သူဟာ Ena လူမှုကွန်ရက်ပေါ်မှာတင်ခဲ့တဲ့ ဓာတ်ပုံက သူမရဲ့မျက်လုံးပုံကိုကို Zoom ချဲ့ကြည့်ပြီး ရောင်ပြန်ထွက်လာတဲ့ ပုံရိပ်ကနေ သူမ နေထိုင်တဲ့လိပ်စာကို ရအောင် စုံစမ်းခဲ့တာပါ။ အရင်ဆုံး မျက်လုံးရောင်ပြန်ကနေ ဟပ်လာတဲ့ အဆောက်အဦပုံစံကို Google Map ကနေ ခြေရာခံနိုင်ခဲ့သလို၊ ဘယ်လမ်း ဘယ်အဆောက်အဦဆိုတာကိုလည်း တွက်ဆနိုင်ခဲ့ပါတယ်။

ကိုယ်သဘောကျတဲ့ ကောင်မလေးကို ပိုးပန်းဖို့အတွက် သူမ ဘယ်မှာနေတယ်၊ ဘယ်ကားကိုစီးတယ်၊ စသဖြင့် သိထားနိုင်မှသာ သူမကို နောက်ယောင်ခံချဉ်းကပ်ရာမှာ အဆင်ပြေမှာဖြစ်ပါတယ်။ ဒီတော့ Sato ဟာ Ena ရဲ့လိပ်စာကို သိပြီးနောက် အမြဲလိုလို နောက်ယောင်ခံပြီး ချဉ်းကပ်လိုက်နေပါတော့တယ်။

အသက်(၂၁)နှစ်အရွယ် Ena ရဲ့အိမ်ဟာ Tokyo’s Kota Ward မှာတည်ရှိပြီး၊ စက်တင်ဘာ(၁)ရက်က Sato ရဲ့ ချဉ်းကပ်မှုဟာ ပိုပြီးကြောက်စရာကောင်းလာပါတယ်။ သူဟာ Ena ရဲ့နောက်ကနေ သိုင်းဖက်ပြီး၊ သူမရဲ့ပါးစပ်ကို ပဝါနဲ့ပိတ်ပါတယ်။ အဲဒီနောက် လူပြတ်တဲ့ နေရာကို အတင်းခေါ်သွားပြီး ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့ သိရပါတယ်။

Sato ကို တိုကျိုရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာ (၁၇)ရက်က ဖမ်းဆီးခဲ့တာပါ။ Sato ဟာ အလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး၊ Ena ရဲ့ စူပါဖန်တစ်ယောက်ပါတဲ့။ သူ့ကို ထိခိုက်နာကျင်စေမှုနဲ့ ရဲက စစ်ဆေးနေပါတယ်။ Ena ဟာ J-Pop အဖွဲ့တစ်ခုဖြစ်တဲ့ Tenshi Tsukinukeni Yomi (天使突抜ニ読ミ) ရဲ့ ပင်တိုင်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

လင်းဇော်ကို

SHARE