ဆီးချိုမရှိပေမယ့် ကိုယ်တွင်းမှာ သကြားဓာတ်များနေကြောင်း ပြသနေတဲ့ လက္ခဏာများ

Pexels/PhotoMIX Ltd.

သွေးထဲအချိုဓာတ်များနေတယ်ဆိုတာကို ကြားရတဲ့အခါ ဒီရောဂါဟာ ဆီးချိုဝေဒနာရှင်တွေသာ ဖြစ်နိုင်ပြီး အချိုဓာတ်ကို သမမျှတအောင်ထိန်းဖို့ အင်ဆူလင်လိုအပ်တယ်ဆိုပြီးတော့သာ သိကြပါတယ်။ ဒါပေမယ့် သွေးထဲအချိုဓာတ်မြင့်တက်ခြင်း သို့မဟုတ် hyperglycemia ဟာ ဆီးချိုမရှိတဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ။ တကယ်လို့ hyperglycemia ကို မကုသပဲ ထားတဲ့အခါ အာရုံကြောတွေ ပျက်စီးနိုင်တဲ့အပြင် ကျောက်ကပ်၊ မျက်လုံးနဲ့ နှလုံးရောဂါတွေကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်ထဲမှာ လုံလောက်တဲ့ အင်ဆူလင်ဟော်မုန်းကို မထုတ်လုပ်နိုင်ဘူး၊ အသုံးမပြုနိုင်ဘူးဆိုရင် သွေးတွင်းအချိုဓာတ်တွေ မြှင့်တက်နိုင်ပါတယ်။ အင်ဆူလင်ဟော်မုန်းကတော့ လူတွေစားလိုက်တဲ့အစားအသောက်တွေကို ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ သွေးထဲမှာ အချိုဓာတ်တွေ များလာပေမယ့် လုံလောက်တဲ့ အင်ဆူလင်မထုတ်နိုင်တဲ့အခါ တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေတာ၊ ရေငတ်နေတာ၊ အမြင်အာရုံမှူန်ဝါးလာတာ စတဲ့ လက္ခဏာရပ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ကိုယ့်မှာ ဆီးချိုရောဂါလည်း မရှိသေးပဲ ကိုယ်တွင်းမှာ သကြားဓာတ်တွေ များနေပြီလားဆိုတာကို အောက်ပါအချက်တွေနဲ့ သိရှိနိုင်ပါတယ်။

Pexels/Bruce Mars

ကာလကြာရှည် ခေါင်းကိုက်ခြင်း

ခေါင်းကိုက်တာဟာလည်း သွေးတွင်းမှာ သကြားဓာတ်တွေ များနေခြင်းရဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းကိုက်တဲ့ပုံက အမျိုးမျိုးရှိတာကြောင့် ဥပမာခေါင်းတစ်ခြမ်းကိုက်တာလား၊ ခေါင်းနောက်ဘက်က ကိုက်တာလား စသဖြင့် သတိထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ခေါင်းကိုက်တာဟာ နာတာရှည်လိုမျိုး ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်ဆီ သွားပြသင့်ပါတယ်။

အချိန်တိုင်းရေငတ်ခြင်း

ဆီးသွားပါများတဲ့အခါ လူကို ရေငတ်စေပါတယ်။ မကြာခဏဆီးသွားတဲ့အခါ ခန္ဓာကိုယ်တစ်ရှူးတွေဆီကလာတဲ့ အရည်တွေဟာ ဂလူးကို့စ်တွေနဲ့အတူ ခန္ဓာကိုယ်ပြင်ပကို ပါသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ဟာ လျင်မြန်စွာ ရေဓာတ်ခမ်းခြောက်သွားပြီး ပုံမှန်ထက် ရေဆာလောင်မှူကို ဖြစ်ပေါ်စေပါတယ်။

Pexels/Mica Asato

ပင်ပန်းနွမ်းနယ်ခြင်း

အချိန်တိုင်း ပင်ပန်းနွမ်းနယ်နေတာ၊ အားနည်းနေတာမျိုးတွေဟာ သွေးတွင်းသကြားဓာတ်လျော့နည်းနေခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်က လုံလုံလောက်လောက် စားသောက်ပါရက်နဲ့ လုံလုံလောက်လောက် အနားယူပါရက်နဲ့ အချိန်တိုင်း ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရရင်တော့ သွေးတွင်းအချိုဓာတ်တွေ များပြားနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ အချိုဓာတ်တွေ များပြားနေတဲ့အတွက် ဂလူးကို့စ်ကို ဘယ်နေရာမှာ အသုံးချရမလဲဆိုတာ မသိတော့တာဖြစ်ပြီး ရလဒ်အနေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေတာ ဖြစ်ပါတယ်။

အနာကျက်နှေးခြင်း

သွေးထဲ အချိုဓာတ်မြင့်မားခြင်းဟာ သွေးစီးဆင်းလည်ပတ်နှူန်းကိုပါ နှေးကွေးစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ သူ့အလိုအလျှောက် ကုစားနှူန်းဟာလည်း လျော့ကျသွားတာကြောင့် အနာဖြစ်တဲ့အခါ အနာကျက်နှေးတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်မှာ ဖြစ်တဲ့ အနာတွေဆိုရင် သွေးစီးဆင်းမှူနှေးတာကြောင့် အနာကျက်ပိုနှေးစေပါတယ်။

မကြာခဏ ဆီးသွားခြင်း

သွေးထဲမှာ ပိုနေတဲ့ သကြားဓာတ် ဂလူးကို့စ်တွေဟာ ကျောက်ကပ်ကိုလည်း ထိခိုက်စေပါတယ်။ ကျောက်ကပ်တွေကတော့ သွေးတွေထဲကနေ ပိုနေတဲ့ရေတွေကို ဖယ်ထုတ်ပြီး ဆီးအဖြစ်နဲ့ အပြင်ကို စွန့်ထုတ်စေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သွေးထဲမှာ သကြားဓာတ်များလွန်းနေတဲ့အခါ ကျောက်ကပ်ရဲ့ သွေးကြောတွေဟာ ပျက်စီးသွားပါတယ်။ ဒါကြောင့် ကျောက်ကပ်ရဲ့ စစ်ထုတ်နိုင်တဲ့စွမ်းရည်ဟာ လျော့နည်းသွားပြီး လူကို မကြာခဏ ဆီးသွားစေတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE