ကိတ်မုန့်များများစားလေ အယ်ဇိုင်းမားရောဂါပိုဖြစ်လွယ်လေလို့ ပညာရှင်တွေဆို

unsplash/Velizar Ivanov

လူအများစုဟာ စိတ်မကြည်မသာဖြစ်ခဲ့ရင် မုန့်အချိုတွေစားသုံးပြီး စိတ်မပျော်တာကို ဖြေဖျောက်လေ့ရှိပါတယ်။ ရေခဲမုန့်ပဲဖြစ်ဖြစ်၊ ဒိုးနပ်ပဲဖြစ်ဖြစ် ကိတ်မုန့်လေးတစ်ချပ်တစ်လေပဲဖြစ်ဖြစ် စားပြီး အနည်းငယ်သော စိတ်ပျော်ရွှင်မှုလေးကိုရအောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် ဒီလိုမုန့်အချိုတွေကို စားသုံးပါများတဲ့အခါ ခန္ဓာကိုယ်ပေါ်မှာ အဆီတက်ရုံတင်မကပဲ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေမြင့်မားကြောင်း worldofbuzz သတင်းဌာနအရ သိရပါတယ်။

သိပ္ပံပညာရှင်တွေပြုလုပ်တဲ့ သုတေသနအရ သွေးထဲမှာ မပြည့်ဝအဆီတွေတဖြစ်လဲ အသွင်ပြောင်းအဆီ trans fat တွေ သိပ်များလာရင် သာမန်လူတွေထက်  အယ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေကို (၇၄) ရာခိုင်နှုန်း တိုးတက်စေတယ်လို့ ဆိုပါတယ်။ အာရုံကြောသိပ္ပံပညာရှင်တွေကတော့ နှလုံးရောဂါဟာလည်း ဦးနှောက်၊ သိမှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။

unsplash/Heather Ford

ဒီလေ့လာချက်ဟာ ဂျပန်လူမျိုး အမျိုးသားနဲ့ အမျိုးသမီးပေါင်း (၁,၆၀၀) ကို (၁၀) နှစ်ကြာ သုတေသနပြုလုပ်အပြီး ထွက်ရှိလာတဲ့ရလဒ်လည်း ဖြစ်ပါတယ်။ သုတေသနမှာတော့ ပါဝင်သူတွေရဲ့ သွေးတွင်းမှာရှိနေတဲ့ အသွင်ပြောင်းအဆီပမာဏတွေအပြင် အခြားသော အချက်တွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရှိခြင်း၊ သွေးတိုးရှိခြင်းနဲ့ ၄င်းတို့ရဲ့ အစားစားတဲ့ အမူအကျင့်တွေကိုပါ ထည့်သွင်းပြီး လေ့လာသုံးသပ်ထားတာ ဖြစ်ပါတယ်။ ဒီလေ့လာချက်ကနေ တွေ့လာရတာက သွေးထဲမှာ အသွင်ပြောင်းဆီပမာဏပါဝင်မှုများလေလေ အယ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေ ပိုများလာလေလေ ဆိုတာကိုပဲ ဖြစ်ပါတယ်။

READ
နောက်ကျောမှာပေါက်တဲ့ ဝက်ခြံတွေကို ဒီနည်းလမ်းတွေနဲ့ အရှင်းပျောက်အောင် လုပ်နိုင်ပါတယ်
unsplash/Christian Bolt

အသွင်ပြောင်းအဆီတွေကို ကိတ်မုန့်၊ ဒိုးနပ်နဲ့ ဘီစကစ်စတဲ့ မုန့်အချိုတွေ၊ ဆီနဲ့အပြင်းကြော်ထားတဲ့ အာလူးကြော်စတဲ့ အကြော်အလှော်တွေ၊ နိုနဲ့ အသားထွက်ပစ္စည်းတွေမှာ တွေ့ရနိုင်ပါတယ်။ အဓိကအကြောင်းရင်းကတော့ အစားအသောက်ကို ပိုပြီးတာရှည်ခံအောင် အနံ့၊အရသာကောင်းအောင် ထပ်မံပေါင်းထည့်ထားတဲ့ ပစ္စည်းတွေကြောင့် လူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ ကိတ်တွေနဲ့ မုန့်အချိုတွေထဲ အသွင်ပြောင်းအဆီ ပမာဏများစွာ ပါဝင်နေကြောင်း တွေ့ရှိခဲ့တယ်လို့လည်း သုတေသနက ဆိုထားပါသေးတယ်။

လင်းလင်း (ShweMom)

SHARE