အမေရိကန်တို့ ဟီရိုရှီးမားမြို့ပေါ်ကို ဘာကြောင့် အဏုမြူဗုံးကျဲခဲ့တာလဲ …?

AP Photo/Eugene Hoshiko

အမေရိကန်တို့ ဟီရိုးရှီးမားမြို့ပေါ်ကို အဏုမြူဗုံးကျဲချခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်ဆိုးကြီးဟာ အခုဆိုရင် နှစ်အားဖြင့် (၇၅)နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ အတိအကျဆိုရသော် ပြီးခဲ့တဲ့ သြဂုတ်လ(၆)ရက်နေ့က ဒီဖြစ်ရပ်ဆိုးကြီးဟာ (၇၅)နှစ် တင်းတင်း ပြည့်ခဲ့တာပါ။ ဘယ်သူတွေ သိပ်ပြီး ကြောက်သွားကြမလဲ … ?။

နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်ဖြစ်တဲ့အခါ အာဏာရှင်တွေရဲ့ အညှိုးအာဃာတတွေ၊ လောဘတရားတွေ၊ မောက်မာမှုတွေကြောင့် အခြေတည်ကြပါတယ်။ တကယ်တမ်း စစ်ရဲ့ဘေးထွက်ဆိုးကျိုးကို ခံစားရတာကတော့ အပြစ်မဲ့ပြည်သူတွေ၊ တိုင်းပြည်အတွက်ဆိုပြီး ဝါဒမှိုင်းတိုက်ခံထားရတဲ့ စစ်သားလေးတွေ၊ ယင်းတိုရဲ့ မိသားစုဝင်တွေဆိုတာ သေချာပါတယ်။

(၁၉၄၅)ခုနှစ် သြဂုတ်လ (၆)ရက်နေ့မှာ အမေရိကန်တို့ဟာ စစ်ပွဲအတွင်းမှာ အဏုမြူဗုံးကြီးကို ပထမဆုံးအကြိမ် ထုတ်သုံးလိုက်ပါတယ်။ ဂျပန်လူမျိုး (၇)သောင်းကျော် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ နောက်တစ်ရက်မှာလည်း လူ(၇)သောင်းကျော် သေဆုံးခဲ့ရပါတယ်။

နောက်ထပ်(၃)ရက်အကြာ၊ သြဂုတ်လ(၉)ရက်မှာ နာဂါဆာကီကို ဒုတိယအကြိမ်ဖြစ် အဏုမြူဗုံးနဲ့ ထပ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ လူပေါင်း (၈)သောင်းကျော် သေဆုံးခဲ့ရပါတယ်။ ရက်အနည်းငယ်အတွင်းမှာ ဂျပန်တို့ လူ(၂)သိန်းခွဲနီးပါးရဲ့အသက်တွေကို  ပေးဆပ်လိုက်ရပါတယ်။

အဏုမြူဗုံး ကျဲရခြင်းရဲ့ အကြောင်းပြချက်များ

အမေရိကန်ဘက်ကတော့ ဂျပန်ကို ဗုံးကျဲခြင်းရဲ့ အဓိကအချက်မှာ ဒုတိယကမ္ဘာစစ်ကို အမြန်အဆုံးသတ်လိုတဲ့ ဆန္ဒကြောင့်ဖြစ်ကြောင်း ဆိုပါတယ်။ ဂျာမနီဟာ (၁၉၄၅)ခုနှစ် မေလမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။ စစ်ဟာ ဂျပန်တို့ ခြေကုပ်ရယူထားတဲ့ အာရှဘက်ခြမ်းမှာ ကျန်ရှိတော့ပြီး၊ မဟာမိတ်တွေလည်း စစ်ပန်းနေပြီလို့ ဆိုပါတယ်။

တိုကျိုဟာ ကန်ဘက်က ငြိမ်းချမ်းရေးဆိုင်ရာ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီး၊ နောက်ဆုံး ဂျပန်အင်ပါယာတစ်ခုတည်းပဲ အောင်ပွဲခံအလံ စိုက်ထူနိုင်ရမယ်လို့ ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ကန်ခေါင်းဆောင်တွေအနေနဲ့ အဏုမြူဗုံးတွေ သုံးဖို့ ဆုံးဖြတ်ခဲ့ကြရတာပါတဲ့။

ဂျပန်ဟာ ဗုံးနှစ်လုံးရဲ့ ပေါက်ကွဲအားနဲ့ သက်ရောက်မှုကို မျက်ဝါးထင်ထင် တွေ့လိုက်ပြီးနောက် လုံးဝ တှုန်လှုပ်ခြောက်ခြားသွားပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့ တင်းခံနေမယ်ဆိုရင် ဂျပန်အဖို့ သမုဒ္ဒရာထဲ စုံးစုံးမြုပ်တော့မယ်လို့ သိသွားခဲ့ပါတယ်။ ဒါကြောင့် သြဂုတ်လ (၁၄)ရက်မှာ လက်နက်ချ အညံ့ခံလိုက်ပါတယ်။

အဏုမြူဗုံးတွေရဲ့အမည် …။

ဟီရိုရှီးမားပေါ်ကို ကျဲချလိုက်တဲ့ဗုံးအမည်ကိုတော့ “ကောင်လေး”လို့ ခေါ်ကြပါတယ်။ Little Boy ပေါ့။ ဗုံးကျဲလေယာဉ်ရဲ့အမည်ကတော့ Enola Gay လို့ ပေးထားပြီး၊ Boeing B-29 Superfortress အမျိုးအစား ဗုံးကျဲလေယာဉ်မျိုးဖြစ်ပါတယ်။ ဗုံးရဲ့TNT တန်ချိန်ဟာ (၂၀၀၀၀) ဖြစ်ပါတယ်။ Burst-point ကတော့ ဒီဂရီသန်းပေါင်းများစွာ ဖြစ်စေလိမ့်မယ်လို့ သိရပါတယ်။

နာဂါဆာကီပေါ်ကို ကျဲချလိုက်တဲ့ဗုံးရဲ့ အမည်ပြောင်းကတော့ “ကိုဖက်တီ” (Fat man)ဖြစ်ပါတယ်။ အလေးချိန်မှာ (၄၆၇၀)ကီလိုဂရမ်ရှိပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ မူလပထမ အဏုမြူဗုံးတွေထက် အဆပေါင်းများစွာ ပိုပြင်းထန်တဲ့ ဗုံးတွေ များစွာပိုင်ဆိုင်နေကြပါပြီ။ ဒီလိုပဲ သေဆုံးခြင်းနဲ့ ရှင်သန်သူတွေကြားမှာ ခါးသီးတဲ့ အမှန်တရားတွေအတွက် ပြည်သူတွေကတော့ ငြိမ်းချမ်းရေးဆိုတဲ့ ငှက်ကလေး မသေပါစေနဲ့သာ ဆုတောင်းနေကြပါတယ်။

လင်းဇော်ကို

SHARE