Selfie သမိုင်းကြောင်း (သို့) Selfie ရိုက်ခြင်းပေါ်ပေါက်လာပုံအဆင့်ဆင့်

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ခေတ်စားလာခဲ့တဲ့ Selfie ရိုက်ခြင်းဟာ ဘယ်လိုပေါ်ပေါက်လာခဲ့တာပါလဲ။ ဒီမေးခွန်းအတွက် Selfie သမိုင်းကြောင်းကို စူးစမ်းထားမိသလောက် တင်ပြလိုက်ရပါတယ်။

(၂၀၁၃)ခုနှစ် နိုဝင်ဘာမှာ Selfie ဆိုတဲ့ စကားလုံးကို အောက်စ်ဖို့ဒ်အဘိဓာန်မှာ တရားဝင်ထည့်သွင်းခဲ့ပြီး ပေါ်ပြူလာဖြစ်လွန်းတာကြောင့် တစ်နှစ်တာအကောင်းဆုံးစကားလုံးဖြစ်ခဲ့ပါတယ်။ အဘိဓာန်ထဲမှာ Selfie ဆိုတဲ့စကားလုံးကို “ဖုန်း သို့မဟုတ် ကွန်ပြူတာကင်မရာဖြင့် မိမိကိုယ်ကိုရိုက်ထားပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်သောဓာတ်ပုံ” ဆိုကာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီစကားလုံးဟာ တကယ်တော့ သြစတေးလျစကားလုံးတစ်လုံးဖြစ်ပါတယ်။ (၂၀၀၂)ခုနှစ်တုန်းက သြစတေးလျအမျိုးသားတစ်ဦးက သူ့နှုတ်ခမ်းက ဒဏ်ရာကို ပြချင်လို့ ကိုယ့်မျက်နှာကိုယ် ဓာတ်ပုံရိုက်ခဲ့ရာမှာ Selfie ဆိုပြီး ပြောခဲ့တာပါ။ သြစတေးလျတွေက စကားလုံးတွေကို “ie” နဲ့ အတိုချုံးအဆုံးသတ်ပြောလေ့ရှိပါတယ်။

Pixabay

တကယ့်တကယ် ကိုယ့်ကိုယ်ကို ပြန်ရိုက်ခဲ့တဲ့ ပထမဆုံးဓာတ်ပုံဆိုရင်တော့ (၁၈၃၉)ခုနှစ်က အမေရိကန်လူမျိုး Robert Cornelius ရိုက်ခဲ့တာဖြစ်ပါတယ်။ ကင်မရာမှန်ဘီလူးအဖုံးကိုဖွင့်၊ ကင်မရာရှေ့ပြေးရပ်၊ ကင်မရာအဖုံးကို ပြန်ထား ဒီလိုနဲ့ ပထမဆုံး မိမိကိုယ်ကို ဓာတ်ပုံစရိုက်ခဲ့တာပါ။ အလုပ်တော့ ရှုပ်ပါတယ်။ (၁၉၁၄)ခုနှစ်မှာ ရုရှားမြို့စားကတော် အန်နာစတေရှာက သူ့သူငယ်ချင်းဆီပို့ပေးဖို့ သူမကိုယ်သူမ မှန်ထဲကနေ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ပထမဆုံး Mirror Selfie ပါ။

READ
April Fools' Day အကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်(၇) ချက်
(၁၈၃၉)ခုနှစ်က Robert Cornelius ရဲ့ ဆယ်ဖီ – Jutta234 / Wikicommons

ကင်မရာကို လက်ကကိုင်ပြီး ကိုယ့်ကိုယ်ကို ပြန်ရိုက်ခဲ့တာမျိုးဆိုရင် (၁၉၂၀)ခုနှစ်က မက်ဟက်တန်မှ အမျိုးသား (၅)ဦး စရိုက်ခဲ့တာဖြစ်ပါတယ်။ (၁၉၇၀)ခုနှစ်ပိုင်းမှာ လွယ်ကူစွာ ရိုက်ကူးနိုင်တဲ့ Polaroid ကင်မရာတွေပေါ်လာခဲ့ပြီး (၂၀၀၃)ခုနှစ်မှာတော့ အရှေ့ကင်မရာပါတဲ့ စမတ်ဖုန်းကို Sony က စထုတ်ခဲ့ရာ Selfie ရိုက်ဖို့ ပိုလွယ်လာခဲ့ပါတယ်။ (၂၀၁၅)ခုနှစ်မှာ Selfie Stick ပေါ်ပေါက်လာခဲ့ပြီး ပိုမြင်ကွင်းကျယ်တဲ့ Selfie တွေ ရိုက်လာနိုင်ကြပါတယ်။

Pixabay

Selfie ရိုက်ဖို့ကြိုးစားရင်း သေဆုံးခဲ့မှုက (၂၀၁၄)ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး Selfie ကြောင့် အခြားမတော်တဆသေဆုံးမှုတွေလည်း ရှိလာခဲ့ပါတယ်။ Selfie ရိုက်ဖို့စွဲလမ်းခြင်းက စိတ်ရောဂါဖြစ်ကြောင်း အငြင်းပွားမှုတွေလည်း ရှိနေပေမယ့် တစ်ကမ္ဘာလုံးက လူတွေကတော့ ကိုယ့်ကိုယ်ကို ပုံဖော်ဖို့ Selfie ကို နည်းလမ်းတစ်ခုအဖြစ် နှစ်ခြိုက်စွာ အသုံးပြုနေကြဆဲပဲဖြစ်ပါတယ်။ ကဲ.. ဒီလောက်ဆို Selfie သမိုင်းကြောင်းကို တီးမိခေါက်မိသွားပြီလို့ ယူဆပါတယ်နော်။

White (Shwemom)

READ
ရည်ရွယ်ချက်တစ်မျိုး အသုံးဝင်တာတစ်မျိုးဖြစ်လာတဲ့ လူတွေရဲ့ တီထွင်မှုများ

Ref: culture trip

SHARE