လူသတ်သမားအချင်းချင်း တစ်ဆင့်တစ်ဆင့် ပြန်ငှားရာမှ ဘူးပေါ်သလို ပေါ်သွားခဲ့တဲ့အမှု

Twitter / Peoplechina

တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Tan Youhui အမည်ရ အမျိုးသားဟာ သူရဲ့ မဟာစီးပွားပြိုင်ဘက် Wei Mou အမည်ရ အမျိုးသားကို လုပ်ကြံသတ်ဖြတ်ဖို့ လူသတ်သမား ရှာဖွေခဲ့ပါတယ်။ သူဟာ Wei ကို လုပ်ကြံဖို့အတွက် တရုတ်ယွမ် (၂)သန်း သို့မဟုတ် ပေါင် (၂၁၈၀၀၀)အထိ အသုံးပြုဖို့ ရည်စူးခဲ့ပါတယ်။

ဖြစ်ချင်တော့ Tan ငှားလိုက်တဲ့ လူသတ်သမားဟာ၊ အခြားလူသတ်သမားတစ်ဦးကို သူလက်ခံထားတဲ့ ဈေးတစ်ဝက်ပေးပြီး ထပ်ပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဆိုရရင် ပထမလူသတ်သမားက ယွမ်(၂)သန်းဆို၊ သူက ထပ်ငှားလိုက်တဲ့လူကို ယွမ်(၁)သန်းပေးပြီး သူက အသာလေး ဒူးနှံ့နေမယ့် သဘောပါ။

ဒီလိုပဲ ဒုတိယလူသတ်သမားကလည်း အချောင်ခိုပြီး သူရထားတဲ့ ယွမ်(၁)သန်းကို အခြားတစ်ဦးကို တစ်ဝက်ခွဲပေးပြီး တတိယလူကို ထပ်ငှားခဲ့ပါတယ်။ တတိယလူကလည်း ယွမ်(၅)သိန်းအနက် ယွမ်(၂.၅)သိန်းနဲ့ စတုတ္ထ လူသတ်သမားကို ထပ်ငှားပြန်ပါတယ်။ စတုတ္ထ လူသတ်သမားကလည်း ပဉ္စမလူသတ်သမားကို .ယွမ် (၁၂၅၀၀၀)နဲ့ အလုပ်အပ်ပြန်ပါတယ်။

ပဉ္စမလူသတ်သမားဟာ သူရထားတဲ့ ငွေထဲကနေ အမြတ်ခွဲမပေးချင်၊ တစ်ဖက်သားကိုလည်း မသတ်ချင်တာကြောင့် ပစ်မှတ်ထား သတ်ဖြတ်ဖို့ စေခိုင်းထားတဲ့ ကာယကံရှင် Wei ကို ဆက်သွယ်ပြီး သေပြီလို့သတင်းလွှင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကသာ အဆင်ပြေသွားရင် သူ့အနေနဲ့ လူမသတ်ရဘဲ ယွမ်တစ်သိန်းကျော် အိတ်ထဲ ထည့်နိုင်မှာပါ။

ဒါပေမယ့် Wei က လက်မခံဘဲ ရဲကို တိုင်ခဲ့ပါတော့ယ်။ အဲဒီလိုနဲ့ လူသတ်ဖို့ ငှားရမ်းခံထားရသူ (၅)ဦးနဲ့ မူလဘူတ အလုပ်အပ်သူ Tan တို့ကို တရုတ်ရဲတပ်ဖွဲ့က အဆင့်ဆင့် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အားလုံးကို ရဲက လက်ရဖမ်းဆီးနိုင်ခဲ့ပြီး၊ ဒီအမှုကို Nanning, Guangxi က တရားရုံးတစ်ခုမှာ ကြားနာနေတာ (၃)နှစ် ရှိနေပါပြီ။

Nanning Intermediate People’s Court

အမှုအခင်း စဖြစ်ခဲ့တဲ့နှစ်ကတော့ (၂၀၁၃)ဖြစ်ပါတယ်။ Wei ဟာ ဒီဖြစ်စဉ်မတိုင်ခင်က Tan ကို ဥပဒေကြောင်းအရ တရားစွဲဆိုထားသူဖြစ်ပြီး၊ အိမ်ခြံမြေကုမ္ပဏီလုပ်ငန်းရှင် Tan က အဲဒီအမှုမှာ သူရှုံးနိမ့်နိုင်တယ်ဆိုတာ သိပြီးနောက် Wei ကို လုပ်ကြံအစဖျောက်ဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။ လူသတ်သမားအဖြစ် ပထမဆုံး ငှားရမ်းခံရသူကတော့ Xi Guangan ပါ။

Xi က Mo Tianxiang အမည်ရလူကို ထပ်ငှားပါတယ်။ Mo က Yang Kangsheng ကို ထပ်ပြီးငှားရမ်းခဲ့ပြီး၊ Yang က Yang Guangsheng အမည်ရ အမျိုးသားကို အဆင့်ဆင့် ထပ်ပြီးငှားရမ်းခဲ့တာပါ။ နောက်ဆုံး အလုပ်အပ်ခံရသူကတော့ Ling Xiansi ဖြစ်ပြီး၊ သူရဲ့ မပိရိတဲ့ခြိမ်းခြောက်မှုက အကုန်လုံးကို ဖော်လိုက်သလို ဖြစ်သွားပါတယ်။

ဒီပြစ်မှုအတွက် သူတစ်ပါးကို အကောက်ကြံရက်စက်ဖို့ ပထမဆုံးအပြစ်ရှိတဲ့ သူဌေး Tan ကို တရားရုံးက ထောင်(၅)နှစ်၊ သူ လူသတ်ဖို့ အလုပ်အပ်နှံခဲ့တဲ့ Xi ကို ထောင်(၃)နှစ်နဲ့(၆)လ၊ Yang နှစ်ဦးကိုတော့ ထောင်(၃)နှစ်နဲ့ (၃)လ၊ Mo ကိုတော့ ထောင် (၃)နှစ်၊ Ling ကိုတော့ ထောင် (၂)နှစ်နဲ့(၇)လ အသီးသီးချမှတ်ခဲ့ကြောင်း သိရပါတယ်။

လင်းသူရိန်

SHARE