လေဆိပ်မှာအိပ်တဲ့ အိမ်ယာမဲ့ဘ၀ကနေ လမ်းကြောင်းမှန်ပေါ်ရောက်လာပြီဖြစ်တဲ့ အမျိုးသား

Twitter/Beam

အိမ်ယာမဲ့ဘ၀နဲ့ လေဆိပ်ထဲမှာပဲ အိပ်ခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ လေကြောင်းအင်ဂျင်နီယာဖြစ်မယ့် လမ်းကြောင်းပေါ် အစပျိုးနေပြီ ဖြစ်ကြောင်း ladbible သတင်းအရ သိရပါတယ်။ အဆိုပါ အမျိုးသားဟာ လန်ဒန်နေ လောရန့်စ်ဆိုသူဖြစ်ကာ သူဟာ ငယ်စဉ်ကတည်းက လေယာဉ်တွေအပေါ် စိတ်ဝင်စားခဲ့သူပါ။

ဒါပေမယ့် နွမ်းပါးတဲ့အပြင် မိသားစုထဲမှာ သူ့ကို လမ်းညွှန်ဆုံးမပေးမယ့်သူလည်း မရှိတာကြောင့် လောရန့်စ်ဟာ ပညာရေးမှာ မပေါက်မြောက်ခဲ့ပါဘူး။ နောက်ပိုင်းတော့ သူဟာ ကျောင်းထွက်ခဲ့ပြီး လေကြောင်းအင်ဂျင်နီယာဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို စွန့်လွှတ်ခဲ့လိုက်ပါတယ်။ ကျောင်းထွက်ပြီးတော့ ဘာလုပ်ရမှန်းမသိတာနဲ့ လောရန့်စ်ဟာ ကြုံရာကျပန်းအလုပ်လေး လုပ်ရင်း ၀မ်းရေးကို ဖြေရှင်းခဲ့ပါတယ်။

Twitter/Beam

လွန်ခဲ့တဲ့(၇) နှစ်တုန်းကတော့ လောရန့်စ်ဟာ နေစရာအိမ်တောင် မရှိတဲ့ဘ၀ရောက်ခဲ့ပါတယ်။ ငှားထားတဲ့ အိမ်ကလည်း ပြန်အပ်ရတယ်၊ ထပ်ပြီး စာချုပ်ချုပ်ဖို့ကလည်း ပိုက်ဆံမရှိဆိုတော့ ရတဲ့အလုပ်လေးလုပ်လိုက်၊ ကြုံရာမှာ အိပ်လိုက်နဲ့ ဖြစ်နေခဲ့ပါတယ်။ တစ်နေ့တော့ သူက လေဆိပ်မှာ အလုပ်ရပါတယ်။ သူလုပ်ရတဲ့အလုပ်က သန့်ရှင်းရေးသမားပါ။ အလုပ်က လခစားဖြစ်လို့ အထိုက်အလျောက် တည်ငြိမ်တဲ့အပြင် လေဆိပ်ထဲမှာပါ အိပ်ခွင့်ရလို့ သူက ကျေနပ်မိပါတယ်။ ပြီးတော့ သူ ငယ်ငယ်တည်းက စွဲလမ်းခဲ့ရဖူးတဲ့ လေယာဉ်ကြီးတွေနဲ့ နီးနီးကပ်ကပ်မှာ အလုပ်လုပ်ရတဲ့အတွက် လောရန့်စ်က ၀မ်းသာမိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

READ
ကားပါကင်ကြေးအတွက် ငွေမပေးပဲ တိရစ္ဆာန်အစာသာလှူဒါန်းဖို့ တောင်းဆိုခဲ့တဲ့ရဲများ
Twitter/Beam

ဒီလိုနဲ့ လေဆိပ်မှာ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအဖြစ် ကျင်လည်လာရင်း Beam အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ သွားတွေ့ပါတယ်။ အဲဒီအဖွဲ့အစည်းကတော့ အိမ်ယာမဲ့တွေအတွက် လုပ်ငန်းခွင်ထရိန်နင်တွေပေးနိုင်ဖို့ ရန်ပုံငွေကောက်ခံပေးတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ လောရန့်စ်အတွက် အဖွဲ့အစည်းက ရန်ပုံငွေကူရှာပေးတဲ့အခါမှာတော့ ပေါင် (၄,၄၄၉) ရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ လောရန့်စ်ဟာ သန့်ရှင်းရေးဝန်ထမ်းအဖြစ်ကနေ ရထားအင်ဂျင်နီယာတစ်ဦးဖြစ်ဖို့ သင်တန်းတက်နေပြီး ရထားလိုင်းတစ်ခုမှာလည်း အလုပ်ရနေပြီ ဖြစ်ပါတယ်။

Twitter/Beam

လောရန့်စ်ကတော့ ရထားအင်ဂျင်နီယာအဖြစ်ကနေ အစပျိုးပြီး သူဖြစ်ချင်တဲ့ လေကြောင်းလိုင်းအင်ဂျင်နီယာတစ်ဦး ဖြစ်လာဖို့ မျှော်မှန်းနေပါတယ်။ သူ့အနေနဲ့ ငယ်ငယ်တုန်းက သူဖြစ်ချင်တဲ့ ဆန္ဒကို အားပေးထောက်ပံ့ပေးမယ့် ကျောထောက်နောက်ခံမရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ သူ့ရဲ့ လေကြောင်းအင်ဂျင်နီယာဖြစ်လာဖို့ဟာ မျှော်လင့်ချက်ရောင်ခြည် သမ်းလာနေပြီဖြစ်တာကြောင့် ပျော်ရွှင်နေကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE