အိမ်ယာမဲ့တွေ စိတ်ဖိစီးမှုပြေလျော့စေဖို့ အခမဲ့သင်တန်းလေးတစ်ခု ဖွင့်လှစ်ထားတဲ့ စုံတွဲ

(AP Photo/Rick Bowmer)

သာယာတဲ့မနက်ခင်းတစ်ခုမှာ အမေရိကန်နိုင်ငံ Utah ပြည်နယ်က Salt Lake မြို့ရဲ့ စာကြည့်တိုက်အပြင်ဘက်မှာ လူပေါင်း(၇၀) လောက်ဟာ ရှေးဟောင်းတရုတ်ရိုးရာကစားနည်းတစ်ရပ်ဖြစ်တဲ့ ထိုက်ချိလေ့ကျင့်ခန်းကို စုပေါင်းပြုလုပ်နေကြပါတယ်။ ဒီသတင်းကိုတော့ apnews ကနေတဆင့် တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကစားသမားတွေကို ဦးဆောင်သူကတော့ ဘာနီနဲ့ မာရီတာဆိုသူ ဇနီးမောင်နှံ(၂) ဦးပဲ ဖြစ်ပါတယ်။

(AP Photo/Rick Bowmer)

ဘာနီကတော့ အသက်(၇၈) နှစ်ရှိနေပါပြီ။ သူက အရင်တုန်းကတော့ စက်ကိရိယာရောင်းဝယ်ရေးဆိုင်တစ်ဆိုင်ဖွင့်ထားပြီး ခုတော့ အနားယူလိုက်ပါပြီ။ ဘာနီက ထိုက်ချိကစားပြီးနောက်ပိုင်း ထိုက်ချိကရတဲ့ အကျိုးကျေးဇူးတွေကို သိမြင်လာပါတယ်။ ထိုက်ချိဟာ စိတ်ကို အနားရစေတယ်၊ ခန္ဓာကိုယ်ဟန်ချက်ညီမှုကို ဖြစ်ပေါ်စေတယ်၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးနိုင်တယ် စတဲ့ရလဒ်တွေကို ဘာနီက သိလာပြီးတဲ့နောက် အခြားသူတွေကိုလည်း စိတ်ဖိစီးမှုတွေ သက်သာစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သင်တန်းဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

READ
ဒေါင်းဝေဒနာရှင်ဖြစ်ပေမယ့် အကခေါင်းဆောင်ဖြစ်ဖို့ လက်မလျော့ခဲ့သူအမျိုးသမီး
(AP Photo/Rick Bowmer)

သူဖွင့်တဲ့သင်တန်းက အထူးသဖြင့်တော့ အိမ်ရာမဲ့တွေအတွက်ပဲ ဖြစ်ပါတယ်။ နေစရာအတည်တကျမရှိ၊ အလုပ်အကိုင် မယ်မယ်ရရမရှိနဲ့ စိတ်ဓာတ်ကျနေတဲ့ အိမ်ရာမဲ့တွေကို ဘာနီက ထိုက်ချိနဲ့ ကူညီပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဘာနီနဲ့ မာရီတာက မြို့ထဲက စာကြည့်တိုက်နဲ့ ပိုင်အိုနီးယားဥယျာဉ်တို့မှာ တစ်ပတ်ကို (၅) ရက်အချိန်ယူပြီး သင်တန်းသားတွေကို ထိုက်ကျိသင်ကြားပေးပါတယ်။ တစ်ပတ် တစ်ပတ် သူတို့ဇနီးမောင်နှံရဲ့ ထိုက်ချိသင်တန်းကို လာတဲ့သူတွေက လူအယောက်(၅၀) ကျော်ပါတယ်။ ပြီးတော့ သင်တန်းက အခမဲ့ဖြစ်တဲ့အတွက် ဒီထိုက်ချိသင်တန်းကို လာတက်ကြတဲ့ အိမ်ရာမဲ့တွေကလည်း အများကြီးပါပဲ။

(AP Photo/Rick Bowmer)

ဘာနီနဲ့ မာရီတာတို့ရဲ့ သင်တန်းရည်ရွယ်ချက်က သင်တန်းသားတွေဟာ ထိုက်ချိပညာရပ်မှာ အရမ်းကြီး ကျွမ်းကျင်ကြဖို့ လေ့ကျင့်သင်ကြားပေးတာတော့ မဟုတ်ပါဘူး။ အိမ်ယာမဲ့တွေကို စိတ်ဖိစီးမှုတွေလျော့ကျစေအောင်၊ ကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းလေးတစ်ခု ထူထောင်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

READ
ကင်ဆာဝေဒနာသည်မိခင်ကို စောင့်ရှောက်ဖို့အတွက် ကျောင်းထွက်ခဲ့တဲ့ လူငယ်လေး
(AP Photo/Rick Bowmer)

အိမ်ရာမဲ့တစ်ဦးဖြစ်တဲ့ ကွန်းစ်အမည်ရ အမျိုးသားတစ်ဦးကတော့ သူက ဘာနီတို့ရဲ့ သင်တန်းကို တက်လာတာ (၃) နှစ်ရှိပြီလို့ ပြောပါတယ်။ ကွန်းစ်က “ဒီိသင်တန်းလေးက မနက်ခင်းတစ်ခုကို အစပြုဖို့ အကောင်းဆုံးသင်တန်းလေးပဲဗျ။ ကျွန်တော့်ရဲ့ မှတ်ဥာဏ်နဲ့ ဟန်ချက်ညီမှုကို ထိန်းပေးတယ်။ ပြီးတော့လည်း ကျွန်တော့်ကို အလုပ်လုပ်ချင်စိတ် ဖြစ်ပေါ်စေတယ်ဗျ။ အမှန်တော့ သင်တန်းက ထိုက်ချိသင်တန်းလို့သာ အမည်တပ်ထားတာပါ။ အဓိကက လူမှုကွန်ယက်လေးတစ်ခု ဖန်တီးထားတာ။ သင်တန်းသားတွေဟာ သူငယ်ချင်းတွေဖြစ်လာကြမယ်။ အလုပ်တစ်ခုကို ပူးပေါင်းလုပ်ကိုင်ကြမယ်။ အချင်းချင်း အပြန်အလှန် အကူအညီပေးကြမယ်။ ဒီလိုမျိုးလေးတွေပေါ့ဗျာ…” လို့လည်း သင်တန်းအကြောင်းကို ဖောက်သည်ချခဲ့ပါသေးတယ်။

(AP Photo/Rick Bowmer)
(AP Photo/Rick Bowmer)

လင်းလင်း (ShweMom)

SHARE