ဆိုင်ကယ်စီးရင်းနဲ့အိမ်စာလုပ်နေတဲ့ ကျောင်းသားလေးရဲ့ဗီဒီယို နာမည်ကြီးနေ

facebook

ဒီရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ ဗီဒီယို ဖိုင်တစ်ခုကတော့ ဆိုင်ကယ်စီးနေရင်း အိမ်စာလုပ်နေတဲ့ စာကြိုးစားသူကျောင်းသားလေးတစ်ယောက်ရဲ့ ဗီဒီယိုပါ။ ဒီ ဗီဒီယိုဖိုင်က အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ရိုက်ထားခဲ့တယ် ဆိုတာက လွဲရင် နေရာအတိအကျမသိပဲ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လို့နေခဲ့တာပါ။

ဗီဒီယိုဖိုင်ထဲမှာတော့ မိခင်ဖြစ်သူဟာ ကလေးနှစ်ယောက်နဲ့အတူ ဆိုင်ကယ်စီးလာခဲ့တာဖြစ်ပြီး သမီးလေးကို သူမရဲ့အရှေ့မှာထားကာ သားဖြစ်သူကတော့ အနောက်ကနေ ထိုင်စီး လိုက်ပါလာခဲ့တာပါ။ ဒါပေမယ့် သားဖြစ်သူက ထိုင်ခုံရဲ့နောက်ဖက်စွန်းမှာ ကပ်ထိုင်နေပြီး သူ့ရဲ့အရှေ့မှာတော့ စာရွက်တွေရှိနေပါတယ်။ သူက လက်ထဲမှာ ဘောပင်တစ်ချောင်းကို ကိုင်ထားခဲ့ပြီး ဆိုင်ကယ်စီးနေရင်းနဲ့တောင် စာတွေလုပ်နေခဲ့တာပါ။

ဒီ ဗီဒီယိုလေးက ကြည့်ရှုသူ သန်းနဲ့ချီပြီး ရှိခဲ့ပါတယ်။ Facebook ပေါ်မှာတော့ ပြန်လည်မျှဝေခဲ့ကြသူတွေ တော်တော်များခဲ့တာပါ။ ကြည့်ရှုသူတွေကတော့ မိခင်ဖြစ်သူဟာ ကလေးကို ကျောင်းလိုက်ပို့နေတဲ့အချိန်မှာ အိမ်စာတွေမပြီးသေးတဲ့ ကလေးဖြစ်သူက ဆိုင်ကယ်ပေါ်မှာတင် ပြီးအောင်လုပ်နေရတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

READ
ဘာဂါဆိုင်အကူဘဝမှ Instagram မော်ဒယ်ဖြစ်သွားပြီး ချမ်းသာသွားတဲ့ကောင်မလေး

တချို့ကလည်း ကလေးဖြစ်သူဟာ ကျောင်းဝတ်စုံနဲ့မဟုတ်တာကြောင့် ဒါဟာ ကျောင်းသွားနေတာမဟုတ်ပဲ သူ့ဘာသာသူ အချိန်ကို အကျိုးရှိရှိအသုံးချနေတာလို့ မှတ်ချက်ပေးခဲ့ကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်ကယ်စီးနေတဲ့အချိန်မှာတောင် စာကို ရအောင် လုပ်သွားတဲ့ ကလေးငယ်ရဲ့ ပုံရိပ်ဟာ ကြည့်ရှုသူတွေကို စိတ်ဝင်စားစေခဲ့ပြီး တွေးစရာတွေအများကြီး ဖြစ်စေခဲ့တာပါ။

Linn

SHARE