ကောက်ရတဲ့ပိုက်ဆံမှန်သမျှကို ကျပျောက်တဲ့သူဆီ ပြန်ပေးခဲ့တဲ့ ကောင်လေး

ရိုးသားမှုဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးတွေထဲက တစ်ခုပါ။ ရိုးသားဖြောင့်မတ်သူတွေဟာ သူများဆီက စီးပွားဥစ္စာကို အလကား မလိုချင်သလို၊ အချောင်ရဖို့လည်း မကြိုးစားပါဘူး။ မရိုးသားတဲ့သူကတော့ လစ်ရင်ခိုးမယ်၊ မလစ်ရင် လှိမ့်မယ်၊ ဂွင်ရရင် အမြတ်ကြီးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဘယ်သူသေသေ ငတေမာ ပြီးရော စိတ်ဓာတ်ရှိသူတွေပါ။

အခုလည်း လမ်းမပေါ်မှာ ဈေးရောင်းလိုက်၊ ဆေးလိပ်ရောင်းလိုက်နဲ့ ကြုံသလို လုပ်စားနေရတဲ့ ဖိလစ်ပိုင်ကောင်လေးဟာ သူ့ရှေ့လေးမှာ လူတစ်ယောက် ကျပျောက်ခဲ့တဲ့ ပိုက်ဆံတွေကို တစ်ပြားမှ မချန်ပဲ ပြန်ပေးခဲ့ပါတယ်။ ကာယကံရှင် အမျိုးသားရဲ့ ပြောပြချက်အရ သူ ဖုန်းကို ထုတ်လိုက်ချိန်မှာ ပိုက်ဆံတွေ ကျခဲ့တာကို မရိပ်မိခဲ့ဘူးလို့ Viral မှာ ဖော်ပြထားပါတယ်။

ပိုက်ဆံပမာဏကတော့ ပီဆို 7000 ဖြစ်ပြီး အမေရိကန်ဒေါ်လာ 140 နီးပါးလောက် ရှိပါတယ်။ ဒီပမာဏဟာ လူတစ်ယောက် ဆယ့်ငါးရက်လောက် ဘာမှမလုပ်ပဲ အေးအေးဆေးဆေး ထိုင်စားနေလို့ ရတဲ့ ပမာဏပါ။ ဒါပေမယ့် ဒီကလေးကတော့ ကျပျောက်သူကို ပြန်ပေးခဲ့ပါတယ်။

READ
တရုတ်အမျိုးသားတစ်ဦးရဲ့ဦးနှောက်ကို (၁၅)နှစ်ကြာစားနေခဲ့တဲ့ သန်ကောင်ကို ခွဲထုတ်နိုင်ခဲ့

ပိုက်ဆံပျောက်ခဲ့သူကတော့ Dindo Lorenzo ဖြစ်ပြီး သူဟာ Sta. Maria, Bulacan မှာတည်ရှိတဲ့ မက်ဒေါနယ်လ်ဆိုင်ရှေ့က ဖြတ်လျှောက်စဉ် ဒီပိုက်ဆံတွေ ကျခဲ့တာပါ။  ယင်းနောက် Dindo က မက်ဒေါနယ်လ်ဆိုင်မှာ စားစရာတစ်ချို့ဝယ်ဖို့ တန်းစီနေစဉ် အသက် 12 နှစ်လောက်သာရှိသေးတဲ့ ကလေးက သူ့ပိုက်ဆံတစ်ထပ်ကို လာပြန်ပေးပါတယ်။

Dindo ဟာ ထင်မှတ်မထားတဲ့ အဖြစ်အပျက်မို့ ခဏတော့ ကြောင်နေပါသေးတယ်။ နောက်မှာ အကျိုးအကြောင်း သိခဲ့တာပါ။ မုန့်ဝယ်ကျွေးမယ်လို့ ပြောတော့ ကလေးက ဗိုက်ပြည့်နေပြီလို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ကလေးကို မုန့်ဖိုးပေးခဲ့ပါတယ်။ ကလေးက ပိုက်ဆံကတော့ သူ့မိသားစုအတွက် ပိုအသုံးဝင်တယ်လို့ ပြောပါတယ်တဲ့။ သူ့ဖခင်က မျက်လုံးမကောင်းလို့ သူတို့ သားအမိတွေသာ ဖြစ်သလို လုပ်စားနေရတယ်လို့လည်း ပြောခဲ့တယ်လို့ Dindo က ဆိုပါတယ်။

နတ်စည်တော် (Shwemom)

READ
မွေးထားတဲ့မြွေက ပြန်ကိုက်တာခံခဲ့ရတဲ့ ဆယ်ကျော်သက်မြွေဖမ်းသမား

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE