လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန် ဖြစ်တာကြောင့် လူတိုင်းလူတိုင်း အကြပ်အတည်း ဖြစ်နေရတဲ့ အချိန်ပါပဲ။ လူတွေဟာ စားဝတ်နေရေး အရမ်းကြပ်တည်းလာပြီး ဘာမှမလုပ်နိုင်၊ မကိုင်နိုင် ဖြစ်တဲ့ အချိန်မျိုးဆိုရင် မလုပ်သင့်တာတွေကို လုပ်လာ တတ်ကြပါတယ်။ အခုလည်း ဟောင်ကောင်နိုင်ငံက နာမည်ကြီး Influencer အမျိုးသမီးတစ်ယောက်ရဲ့ နေအိမ်ကို နေ့လည်ခင်းအချိန်ကြီးမှာ အနုကြမ်းစီးသူတွေ ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး ကာလပေါက်ဈေး ဟောင်ကောင်ဒေါ်လာ ၃.၆ သန်း(အမေရိကန်ဒေါ်လာ ၄ သိန်းကျော်) တန်ဖိုးရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဓားပြတိုက်ယူသွားကြောင်း SCMP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အဆိုပါ ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့၊ နေ့လည်ပိုင်းလောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ So Mei-yan လို့ အမည်ရတဲ့ cosmetic influencer အမျိုးသမီးဟာ သူ့ရဲ့ တိုက်ခန်းမှာ ၆ လသားအရွယ် သားကလေးရယ်၊ အသက် ၄၅ နှစ်အရွယ်ရှိ အိမ်ဖော်အမျိုးသမီး တစ်ယောက်ရယ်နဲ့ အတူတူရှိနေချိန်မှာ အနုကြမ်းစီးခံခဲ့ရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ ဆိုရင်တော့ So Mei-yan တစ်ယောက် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ အိပ်ပျော်နေတုန်း တံခါးဘဲလ်တီသံကြားခဲ့ပြီး အိပ်ချင်မူးတူးဖြစ်နေတာကြောင့် မီးဖိုချောင်မှာ အလုပ်လုပ်နေတဲ့ အိမ်ဖော် အမျိုးသမိးဟာ တံခါး သွားဖွင့်ခိုင်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရုတ်တရက် မျက်နှာဖုံး အနက်တွေ တပ်ထားတဲ့ လူ ၃ ယောက်ဟာ ဓားကိုယ်ဆီကိုင်ကာ အိမ်ထဲကို ရုတ်ချည်းဝင်ရောက်လာခဲ့ပါတယ်။ “အဲဒီအချိန်မှာ ဆူညံသံတွေကြောင့် ကျွန်မ ရုတ်တရက် လန့်နိုးသွားခဲ့ပါတယ်။ နိုးနိုးချင်းသတိထားမိတာ ကျွန်မအိမ်ထဲကို လူ ၃ ယောက်ရောက်နေတယ်ဆိုတာပါပဲ။ အဲဒီနောက်မှာတော့ အဲဒီဓားပြ ၃ ယောက်ဟာ ကျွန်မရယ်၊ အိမ်ဖော်အမျိုးသမီးကြီးရယ်ကို လက်ပြန်ကြိုးတုပ်ပြီး ပိုက်ဆံတွေ ထုတ်ပေးဖို့ ပြောပါတယ်။ ကျွန်မအိမ်မှာ ပိုက်ဆံ မထားတဲ့အကြောင်း၊ ဒီတော့ အသက်ကို ရန်မရှာပဲ ကြိုက်တဲ့ ပစ္စည်းကိုသာ ယူသွားဖို့ ကျွန်မပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်မကို ထိုးကြိတ်ပြီး ရသမျှပစ္စည်းတွေကို အကုန်ယူပြီး ထွက်ပြေးသွားခဲ့ပါတယ်”လို့ So Mei-yan က SCMP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အဆိုပါ အနုကြမ်းစီးမှုမှာ လက်ကိုင်အိတ် ၁၀ လုံး၊ နာရီ ၇ ခု၊ လက်တော့ပ်ကွန်ပျူတာ ၁ လုံး၊ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ပိုက်ဆံ အနည်းငယ်ပါသွားပြီး တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ ၃.၆ သန်းကျော် ပါသွားကြောင်း သိရပါတယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့ကတော့ အဆိုပါ အမျိုးသား ၃ ယောက် တိုက်ခန်းထဲကို ဘယ်လိုပုံစံနဲ့ ဝင်ရောက်ခဲ့လဲဆိုတာကို CCTV မှတ်တမ်းတွေနဲ့ ရှာဖွေနေပြီး တရားခံတွေကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေကြောင်း သိရပါတယ်။
Pyi Hein Kyaw