တောင်/မြောက်ကိုရီးယားစစ်တွင်းက တိုက်ပွဲဖြစ်ရပ်တွေကို အရောင်ပြန်သွင်းပြီးတဲ့အခါ..

တောင်နဲ့ မြောက်ကိုရီးယားစစ်အတွင်းက စိတ်မချမ်းမြေ့ဖွယ်အဖြစ်တွေနဲ့ စစ်သူရဲကောင်းတွေရဲ့ ပုံရိပ်တွေကို အဖြူအမဲဓာတ်ပုံတွေအဖြစ် ရိုက်ကူးခဲ့ရာမှာ အခုတော့ ဒီဂျစ်တယ်နည်းပညာရဲ့ ကျေးဇူးကြောင့် အရောင်ပြန်သွင်းနိုင်ခဲ့ပါပြီ။ ၄င်းဓာတ်ပုံတွေက တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံကြား ကွာခြားနေတဲ့ ဘက်နှစ်ဖက်ကို ပြနေပါတယ်။ ကိုရီးယားစစ်ပွဲဟာ (၁၉၅၀) ခုနှစ်မှာ စတင်ပြီး (၁၉၅၃) ခုနှစ်မှာ စစ်ပြေငြိမ်းခဲ့ပါတယ်။

ဓာတ်ပုံတစ်ပုံမှာတော့ ကျဆုံးသွားတဲ့ ရှေ့တန်းအမေရိကန်စစ်သားတွေကို အမှတ်တရ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုနေတဲ့ပုံကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ပုံကတော့ နက္ခတ်ဗေဒပညာရှင်တစ်ယောက်အဖြစ် ကမ္ဘာကို တစ်ပတ်ပတ်ပြီး နောက်ပိုင်းမှာ အမေရိကန်လွှတ်တော်အမတ်ဖြစ်လာတဲ့ ဂျွန်ဂလန်းရဲ့ ဓာတ်ပုံပါ။ နှင်းကျနေတဲ့ အခြေအနေမှာ စစ်သားတွေနဲ့ ယာဉ်တွေမောင်းနှင်သွားလာနေတဲ့ ဓာတ်ပုံတွေအပြင် ကိုရီးယားကလေးငယ်လေးတစ်ယောက်ကို လက်ဆောင်ကမ်းပေးနေတဲ့ အမေရိကန်စစ်သားတစ်ယောက်ရဲ့ ပုံကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

၎င်းအဖြူအမဲ ဓာတ်ပုံတွေကို ပြန်ဆေးသွင်းခဲ့သူကတော့ အင်္ဂလန် ဝေလပြည်နယ်က အသက်(၅၅) နှစ်အရွယ် လျှပ်စစ်ပညာရှင် ရွိုင်းစတန်လီယိုနာ့ဒ်ဆိုသူ ဖြစ်ပါတယ်။ သူက ဓာတ်ပုံတစ်ပုံကို ပျမ်းမျှ (၄-၅) နာရီ ကြာအောင် အချိန်ယူပြီး အရောင်တွေ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ရွိုင်းစတန်က “စစ်ရဲ့ ခြောက်ခြားဖွယ်အဖြစ်တွေကို အရောင်တွေ သွင်းလိုက်တဲ့အခါ ဓာတ်ပုံတွေကို ပိုပြီး အသက်ဝင်လာစေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်ကို အခုလိုအဖြစ်မျိုး နောက်ထပ်မဖြစ်ရအောင် သင်ကြားပေးရမယ်။” လို့ ဆိုပါတယ်။

READ
(၂၀) ရာစုအစတုန်းက တွေ့ရတဲ့ လေသင်္ဘောရဲ့ ရှားပါးသမိုင်းဝင်ဓာတ်ပုံများ

ကိုရီးယားစစ်ပွဲဟာ နယ်စပ်ကိစ္စနဲ့ ပတ်သက်လို့ စတင်စကားများခဲ့ပါတယ်။ ကွန်မြူနစ် မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ဆီ ကျူးကျော်ဝင်ရောက်ခဲ့ရာက စစ်ပွဲကြီး ဖြစ်ပွားခဲ့တာပါ။ စစ်အတွင်းမှာ အမေရိကန်က တောင်ကိုရီးယားကို အားပေးထောက်ပံ့ပြီး ဆိုဗီယက်ယူနီယံက မြောက်ကိုရီးယားကို အားပေးထောက်ပံ့ပေးခဲ့တာပါ။

ကိုရီးယားစစ်ပွဲဟာ (၁၉၅၃) ခုနှစ် ဇူလိုင်လ(၂၇) ရက်နေ့မှ အဆုံးသတ်ခဲ့ပြီး နှစ်ဖက်သဘောတူ စစ်ပြေငြိမ်းစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သဘောတူစာချုပ်ထဲမှာ ကိုရီးယားစစ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့ နယ်မြေပါဝင်ပြီး ၄င်းဇုံဟာ တောင်နဲ့ မြောက်နှစ်နိုင်ငံကို ခွဲခြားထားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားခြင်းတော့ မရှိခဲ့ပါဘူး။

လင်းလင်း (ShweMom)

Ref: dailymail

SHARE