ဟစ်တလာဗုံးရန်ကဝေးအောင် တစ်ပိုင်းစီခွဲထုတ်ပြီး နေရာရွှေ့ခဲ့ရတဲ့ ဘုရားကျောင်းကြီး

လန်ဒန်နိုင်ငံအလယ်ပိုင်းမှာ ကနဦးတည်ဆောက်ခဲ့တဲ့ ဗစ်တိုးရီးယန်းခေတ် ဘုရားကျောင်းကြီးဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ အပိုင်းလိုက်ခွဲပြီး အစွန်အဖျားတစ်နေရာကို ရွှေ့ပြောင်းခံခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ စစ်အတွင်းမှာ ဟစ်တလာဗုံးဒဏ်ကြောင့် ဘုရားကျောင်းကြီး ပျက်စီးသွားမှာစိုးလို့ ဖြစ်ပါတယ်။ ဘုရားကျောင်းကြီးဟာ စိန့်အင်ဒရူးဘုရားကျောင်း အမည်တွင်ပြီး (၁၈၄၀) ခုနှစ်နှောင်းပိုင်းမှာ တည်ဆောက်ခဲ့တာပါ။

စုလစ်မွန်းချွန်တွေနဲ့ ဘုရားကျောင်းကြီးဟာ လန်ဒန်မြို့မှာ အထင်ကရအရှိဆုံး ဘုရားကျောင်းကြီးဖြစ်ပြီး ဖစ်ဇ်ရိုဗီရာနဲ့ အောက်စ်စဖို့ဒ်လမ်းတွေနဲ့ နီးနီးမှာတည်ရှိခဲ့ပါတယ်။ ဘုရားကျောင်းကြီးကိုတော့ အထင်ကရရှိလှတဲ့ ဗစ်တိုးရီးယန်းခေတ် ဗိသုကာပညာရှင် ဆယ်မြူရယ်ဒေါ်ခီက ဒီဇိုင်းရေးဆွဲခဲ့တာပါ။ အတွင်းပိုင်းကို အသေးစိတ်ခမ်းခမ်းနားနား အလှဆင်နိုင်အောင် လက်မှုပညာရှင် ဒါဇင်ပေါင်းများစွာကို သုံးစွဲခဲ့ပါတယ်။

ဒါပေမယ့် ပထမကမ္ဘာစစ်အပြီးမှာတော့ ဘုရားကျောင်းကြီးဆီ လာရောက်ကြတဲ့ လူဦးရေဟာ အလွန်နည်းပါးခဲ့ပါတယ်။(၁၉၃၁) အီစတာမှာတော့ ဘုရားကျောင်းကြီးကို ပိတ်ပစ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဘုရားကျောင်းကြီးတည်ဆောက်ထားရာ ၀န်းကျင်အနီးမှာ အိမ်တွေမရှိတော့ပဲ ဈေးဆိုင်တွေ၊ အလုပ်ရုံတွေက အစားဝင်လာတာကြောင့် ဘုရားကျောင်းကြီးကို ဖျက်ပစ်ရလုနီးနီး အခြေအနေအထိ ဆိုက်ခဲ့ပါတယ်။

READ
မျက်စိပသာဒဖြစ်ရတဲ့ ထိုင်းနိုင်ငံရဲ့ စစ်မှုထမ်းဆင့်ခေါ်သည့်နေ့

ဘုရားကျောင်းကြီးဟာ သမိုင်းဝင်ဘုရားကျောင်းကြီးဖြစ်တာကြောင့် အာဏာပိုင်တွေဟာ ကျောင်းကြီးကို ဖျက်သိမ်းပစ်မယ့်အစား သေချာစနစ်ကျစွာ အပိုင်းလိုက် ခွဲထုတ်ခဲ့ပါတယ်။ ပြီးနောက်မှာတော့ နဂိုနေရာကနေ (၈) မိုင်ဝေးတဲ့ ကင်းစ်ဘယ်ရီအမည်ရတဲ့ အစွန်အဖျားနေရာလေးဆီ ရွှေ့ပြောင်းပစ်ခဲ့ကြပါတယ်။ ဘုရားကျောင်းကြီးက ခွဲထုတ်လာတဲ့ အပိုင်းတွေကို နံပတ်စဉ်တပ်၊ ပြီးနောက်မှ ထရပ်ကားတွေနဲ့ အချပ်လိုက် သယ်ပြီး နေရာရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပရောဂျက်ကြီးဟာ အတ္တလန္တိတ်ဒေသတစ်လျှောက်လုံးမှာ လူတွေရဲ့ စိတ်ဝင်စားမှုခံခဲ့ရပါတယ်။ အမေရိကန် သတင်းစာတစ်စောင်ကလည်း ၄င်းပရောဂျက်ကို တင်စားပြီး ကမ္ဘာ့အကြီးဆုံး jigsaw puzzle (ဥာဏ်စမ်းအရုပ်ဆက်ပဟေဌိ) ကြီးဆိုပြီးတော့ သတင်းရေးသားခဲ့ပါတယ်။

အတုံးလိုက် အခဲလိုက် အမှတ်အသားနဲ့ ဖျက်ပြီး သယ်ခဲ့ပေမယ့် ပြန်လည်တည်ဆောက်တဲ့အခါမှာတော့ ဗိသုကာပညာရှင်တွေဟာ မူလအတိုင်း တသဝေမတိမ်းထပ်တူကျအောင် တပ်ဆင်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ အနည်းငယ် ပြုပြင်ပြောင်းလဲမှုလေးတွေတော့ လုပ်ခဲ့ရပါသေးတယ်။ ဘုရားကျောင်းကြီးကို ရွှေ့ပြောင်းတဲ့ အချိန်ကာလဟာ (၃) နှစ်တာ ကြာခဲ့ပြီး (၁၉၃၄) ခုနှစ် အောက်တိုဘာမှာတော့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ရွှေ့ပြောင်းလိုက်တာလည်း ခပ်ကောင်းကောင်းပါပဲ။ မကြာခင် ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါ ယခင်ဘုရားကျောင်းကြီး တည်ရှိရာနေရာဟာ ဗုံးဆံတိုက်ရိုက်ထိမှန်တဲ့ နေရာတွေဖြစ်ခဲ့ကြောင်း ကြားသိခဲ့ရပါတယ်။

လင်းလင်း (ShweMom)

READ
၂၀၁၈ ခုနှစ်ထဲမှာ ကြွေလွင့်သွားခဲ့ရရှာတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

Ref: dailymail

SHARE