ရိုးသားမှုကြောင့် တန်ပြန်ရရှိခဲ့တဲ့ အကျိုးကျေးဇူးကို တွေ့မြင်ရတဲ့ ကြည်နူးဖွယ်ဖြစ်ရပ်

ရိုးသားမှုမှာ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေရှိပါတယ်။ ရှန်ဒုန်အရှေ့ပိုင်းပြည်နယ်က ဖခင်တစ်ဦးကတော့ ရိုးသားတဲ့စိတ်စေတနာကြောင့် သူများအကျိုးကို ဆောင်နိုင်ခဲ့သလို ကိုယ့်အကျိုးလည်း အောင်ခဲ့ရပါတယ်။ ထိုအမျိုးသားဟာ ဂျီနင်းမြို့က လယ်သမားတစ်ယောက်ဖြစ်ပြီး တန်ရှောင်းလုံလို့ အမည်ရပါတယ်။ သူ့ရဲ့ သားလေးဖြစ်တဲ့ အသက်(၂) နှစ်အရွယ် ကောင်လေးကတော့ ဆေးရုံမှာ တင်ထားရပါတယ်။ ကလေးဟာ အသည်းအသန်အခြေအနေဖြစ်နေပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်နေပါတယ်။

Photo: Handout

ကလေးကိုခွဲစိတ်ကုသမှုဟာ ယွမ်(၄) သိန်းကုန်ကျမှာဖြစ်ပြီး အခုဆိုရင် တန်ရှောင်းလုံတို့မိသားစုဟာ ယွမ်(၂) သိန်းကုန်ကျခံပြီးပါပြီ။ ဆွေမျိုးတွေဆီကလည်း ယွမ်(၁၂၀,၀၀၀) ထပ်ချေးထားပြီး တန်ရှောင်းလုံတို့ဟာ ကလေးရဲ့ ဆေးကုသစရိတ်အတွက် အရမ်းခက်ခဲနေတဲ့အချိန်ပါ။ တစ်ေန့မှာတော့ တန်ရှောင်းလုံဟာ သားဖြစ်သူအတွက် မုန့်သွားဝယ်ဖို့ လုပ်ရင်း ဆေးရုံနားက လမ်းတစ်လမ်းပေါ်မှာ ပိုက်ဆံအိတ်တစ်လုံး ကောက်ရပါတယ်။ ပိုက်ဆံအိတ်ထဲမှာတော့ ယွမ်(၂) သောင်း၊ ဘဏ်ကဒ်တွေနဲ့ ယာဉ်မောင်းလိုင်စင်ပါရှိပါတယ်။

ကလေးဆေးစရိတ်အတွက် ငွေလိုနေတဲ့ တန်ရှောင်းလုံအတွက်တော့ ဟန်ကျသွားတာ အမှန်ပါပဲ။ ဒါပေမယ့် သူဟာ ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်တဲ့အတွက် ပြန်စဉ်းစားပါတယ်။ ပိုက်ဆံအိတ်ကို ဆေးရုံနားက ကောက်ရတာကြောင့် တကယ်လို့များ ပိုက်ဆံအိတ်ပိုင်ရှင်ဟာ သူ့လိုမျိုး မိသားစုဆေးဖိုးလိုနေသူဆို ဘယ်လိုလုပ်မလဲဆိုပြီး တန်ရှောင်းလုံးက တွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ အိတ်ပိုင်ရှင်ကို လိုက်ရှာရင်း ပြန်တွေ့ပြီး အိတ်ပြန်ပေးခဲ့ပါတယ်။

READ
မိမိနဲ့ ထူးထူးခြားခြား သွင်ပြင်တူတဲ့ကြောင်လေးကို တွေ့ရှိခဲ့တဲ့ ကလေးငယ်
Photo: Handout

ပိုက်ဆံအိတ်ပိုင်ရှင်ကလည်း ချမ်းသာတဲ့သူမဟုတ်ပါဘူး။ ဟင်းရွက်စိုက်ပျိုးရောင်းချတဲ့ ကုန်စိမ်းသည် ဒင်ရီလုံးဆိုသူပါ။ ဒင်ရီလုံးဟာ တန်ရှောင်းလုံးရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို တောင်းတာကြောင့် နှစ်ဦးစလုံးဟာ ဆိုရှယ်မီဒီယာပေါ်မှာပဲ အသိမိတ်ဆွေတွေ ဖြစ်လာခဲ့ပါတယ်။ ဒင်ရီလုံးဟာ ဒီအခါမှာ ဆိုရှယ်မီဒီယာကနေတဆင့် သိပြီး ဆေးဖိုးအတွက် ဒုက္ခရောက်နေတဲ့ မိတ်ဆွေကို ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ သူ့မိတ်ဆွေရဲ့ သားလေး ရိုးတွင်းခြင်ဆီအစားထိုးကုမှာဖြစ်တဲ့အတွက် သူ့ဂိုထောင်ထဲမှာ လှောင်ထားတဲ့ မုန်လာဥဖြူ တန်(၂၀၀) ကို ရောင်းချဖို့ ရှိကြောင်းနဲ့ ရလာတဲ့ ပိုက်ဆံတွေနဲ့ ကလေးကို ခွဲစိတ်ကုသမှာပါလို့ ကြေညာလိုက်ပါတယ်။

ဒီအကြောင်းဟာ ရှန်ဒုန်သတင်းစာထဲအထိအောင် ပါလာခဲ့ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ ဒင်ရီလုံးရဲ့ မုန်လာဥဖြူတွေအားလုံး ရောင်းကုန်သွားခဲ့တယ်လို့ သိရပါတယ်။ မုန်လာဥရောင်းရငွေ ယွမ်(၅) သိန်းကိုတော့ ကလေးရဲ့ ရိုးတွင်းချဉ်ဆီ အစားထိုးကုသမှုမှာ သုံးစွဲမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကလေးဟာ ခွဲစိတ်မှုမတိုင်ခင် ရက်အနည်းငယ်အလိုမှာ ပိုးသတ်ခန်းထဲ တစ်ယောက်တည်း ၀င်ရမှာဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ခွဲစိတ်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

READ
အမှိုက်ကောက်တာ ရှက်စရာမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ ဘောလုံးပရိသတ်များ

လင်းလင်း (ShweMom)

Ref: scmp, nextshark

SHARE