ရေစိုအဝတ်တွေကို အဝတ်လျှော်စက်ထဲမှာ ဘယ်လောက်အထိ ကြာကြာထားလို့ရမလဲ …?

Freepik/Curio

အဝတ်လျှော်စက်တွေဟာ အိမ်ရှင်မတွေ မဖြစ်မနေ အသုံးပြုရတဲ့ ခေတ်ပေါ်ပစ္စည်းတွေပါ။ ခေတ်တွေ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ အဝတ်လျှော်စက်တွေကလည်း ပိုပြီး ကောင်းမွန်လာခဲ့ပြီး အထည်တွေကို ထိခိုက်ပျက်စီးတဲ့အပိုင်းမှာလည်း လျှော့နည်းလာခဲ့တာပါ။

 အခု တော်တော်များများ မေးနေတဲ့ မေးခွန်းကတော့ အဝတ်လျှော်စက်ထဲမှာ အဝတ်တွေ ဘယ်လောက် ကြာကြာ ထားလို့ရလဲဆိုတဲ့ မေးခွန်းပါ။ တစ်ချို့ကတော့ စက်ရဲ့လုပ်ငန်းဆောင်တာတွေ ပြီးတာနဲ့ ချက်ချင်းအခြောက်ခံသင့်တယ်လို့ အကြံပေးကြပါတယ်။ တစ်ချို့ကလည်း စက်ထဲမှာ အဝတ်တွေ (၃)နာရီထက် ပိုမထားသင့်ပါဘူးတဲ့။

အဝတ်စိုတွေ နာရီပေါင်းများစွာ အဝတ်လျှော်စက်ထဲမှ ထားရှိတဲ့အခါ အထည်တွေဆွေးမြေ့မှုနဲ့ အနံအသက်ကလည်း မကောင်းတတ်ဘူး ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ ဆေးဆိုးထားတဲ့ အဝတ်မျိုးဆိုရင် တစ်ခြားအထည်တွေကိုပါ အရောင်တွေ ရောစေတတ်ပါတယ်။ ဒီတော့ အဝတ်တွေကို စက်ထဲမှာ ကြာရှည်ထားတာထက် ဖြစ်နိုင်သမျှ မြန်မြန် လျှော်ဖွပ်ခြင်းလုပ်ငန်းကို ပြီးဆုံးစေသင့်ပါတယ်။

Whirlpool Institute of Fabric Science မှာတာဝန်ထမ်းဆောင်နေတဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးကတော့ စက်ထဲမှာ အဝတ်တွေကို မဖြစ်မနေ ထားရတဲ့အခါ (၁၂)နာရီလောက်အထိ ထားနိုင်ကြောင်း အကြံပေးခဲ့ပါတယ်။ မဖြစ်မနေဆိုတဲ့ စကားရပ်အရ အကြောင်းပြချက် အမျိုးမျိုးကြောင့် စက်ထဲက အဝတ်တွေ မယူဖြစ်တဲ့အခါမျိုးကို ပြောတာပါ။

 

ပညာရှင်ရဲ့အမည်ကတော့ Martha Stewart ဖြစ်ပြီး၊ သူမက ဖြစ်နိုင်ရင် အဝတ်တွေ မြန်မြန်လျှော်ဖွပ်တာက ကောင်းကြောင်း ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် မဖြစ်မနေ ထားမယ်ဆိုပါကလည်း (၁၂)နာရီလောက်တော့ ထားလို့အဆင်ပြေတယ်လို့ အကြံပေးခဲ့တာပါ။ Martha ဟာ အထည်အလိပ်နဲ့ပတ်သက်တဲ့ ပညာရှင်တစ်ဦးပါ။

သူမက “ အဝတ်တွေကို စက်ထဲမှာ တစ်ညလောက် သိပ်ထားခြင်းက လုံးဝ သင့်တော်တယ်လို့ ပြောချင်ပါတယ် … သို့သော်လည်း ပြောချင်တာက အချိန်အကြာကြီး … တစ်ပတ်လောက်အထိ အကြာကြီးတော့ ထားလို့မရပါဘူး … မနက်ပိုင်း အိပ်ရာကထတာနဲ့ အခြောက်ခံစက်ထဲ ထည့်လိုက်ပါ … သာမန်အားဖြင့်တော့ ဒါက အိုကေပါတယ် ”လို့ ပြောခဲ့ပါတယ်။

သို့သော်လည်း သူမက ကိုယ့်ရဲ့အဝတ်တွေကို လျှော်ဖွပ်ရာမှာ မြန်လေကောင်းလေပေါ့လို့ ပြောပါတယ်။ အဝတ်အထည်တွေဆီကနေ အနံ့ဆိုးစွဲတယ်ဆိုတာ အဝတ်လျှော်စက်ကို သင့်အနေနဲ့ ဘယ်လို သန့်ရှင်းရေးလုပ်တယ်ဆိုတာကလည်း မူတည်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ကိုယ်သုံးတဲ့ ဆပ်ပြာမှုန့်ရဲ့ အရည်အသွေးနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်တဲ့။

တကယ်လို့ အဝတ်တွေဆီကနေ မကောင်းတဲ့ အနံ့အသတ်တွေ ထွက်နေတယ်ဆိုရင် ဒါဟာ ဘက်တီးရီးယားနဲ့ မှိုတွေ စတင်ပေါက်ဖွားနေပြီဆိုတာ သေချာတယ်လို့ ပြောပါတယ်။ ဒီတော့ ပြန်လျှော်ဖို့ လိုပါတယ်။ မိုးများတဲ့ဒေသတွေမှာ အဝတ်တွေဟာ အောက်သိုးသိုးအနံ့ကြီးဖြစ်နေတာ ဘက်တီးရီးယားတွေကြောင့်လို့ ပြောလို့ရပါတယ်။

Freepik/Choice

တစ်ခါတလေမှာ အဝတ်လျှော်ပြီးတိုင်း သန့်ရှင်းရေးမလုပ်ပဲ၊ ကျန်ရှိနေတဲ့ ရေဆိုးတွေကို ပြောင်စင်အောင် ထုတ်မပစ်ခြင်းကလည်း အဝတ်တွေကို စောစောကပြောခဲ့တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်တဲ့။ သြစတေးလျမှ အဝတ်လျှော်စက်ပြင်တစ်ဦးက “ကျွန်တော့်ကို ဖုန်းဆက်မေးရင် ကျွန်တော်က ခင်ဗျားတို့ စက်ကို မသုံးရင် အပေါက်တွေ အကုန်သာဖွင့်ထားလိုက်လို့ ပြောလေ့ရှိပါတယ် ”လို့ ပြောပါတယ်။

အဝတ်လျှော်စက်ကို အသုံးမပြုပဲ အပေါက်တွေ အကုန်ပိတ်ထားခြင်းဟာ တစ်ခြားပြဿနာတွေကို ဖြစ်စေနိုင်ကြောင်း၊ အထူးသဖြင့် မှိုစွဲခြင်းနဲ့ ဘက်တီးရီယားပေါက်ဖွားမှုကို ပိုမြင့်တက်စေကြောင်း ဆိုပါတယ်။ ပိုဆိုးတာက ရေခပ်နွေးနွေး အဝတ်လျှော်စက်ထဲမှာ ကျန်နေတယ်ဆိုရင် ဒီပြဿနာတွေကို ပိုပြီးရင်ဆိုင်ရပါတယ်တဲ့။ ဒါကြောင့် အထည်တွေမှာ ဆိုးကျိုးတွေ မသက်ရောက်ချင်ရင် အဝတ်လျှော်စက်ကိုလည်း သန့်ရှင်းအောင် ဂရုစိုက်ဖို့လိုကြောင်း အကြံပေးခဲ့ပါတယ်။

လင်းသုတ

SHARE